မွန်ပြည်နယ်ထွက် ရော်ဘာများ စျေးမှန်ရစေရန် ဝယ်ယူသည့် ရော်ဘာစက်ရုံများ တွေ့ဆုံ၍ အရည်အသွေးအလိုက် စျေးနှုန်းရရှိရန် လိုအပ်ချက်များ ဆွေးနွေးမည်

မွန်ပြည်နယ်ထွက် ရော်ဘာများ စျေးမှန်ရစေရန် ဝယ်ယူသည့် ရော်ဘာစက်ရုံများ တွေ့ဆုံ၍ အရည်အသွေးအလိုက် စျေးနှုန်းရရှိရန် လိုအပ်ချက်များ ဆွေးနွေးမည်
မွန်ပြည်နယ် အတွင်းရှိ ရော်ဘာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
မွန်ပြည်နယ် အတွင်းရှိ ရော်ဘာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
Published 3 March 2019
မောင်မောင်ရွှေမြိုင်

မွန်ပြည်နယ်ထွက် ရော်ဘာများ စျေးမှန်ရရှိစေရန် ရော်ဘာစက်ရုံများကို တွေ့ဆုံ၍ ရော်ဘာ အရည်အသွေးအလိုက် စျေးနှုန်းရရှိရန် လိုအပ်ချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရော်ဘာတာဝန်ခံ ဝန်ကြီးစောအောင်မြင့်ခိုင်က ဆိုသည်။

“ပြီးခဲ့ပတ်က တနင်္သာရီတိုင်းက ရော်ဘာစက်ရုံတွေကို သွားလေ့လာပါတယ်။ ဝယ်လက်ရုံပိုင်ရှင် ကိုယ်တိုင် အရည်အသွေးကို ဂရုတစိုက်ထိန်းတယ်။ ပြီးတော့ခြံငယ် တွေကို ကိုယ်တိုင် ကွင်းဆင်းစည်း ရုံးတယ်။ အရည်အသွေးမြင့်ရင် စျေးမြင့်ပေး ဝယ်တယ်။ အဲဒီစက်ရုံ ကပစ္စည်းက တရုတ်ကိုပဲ ရောင်းတာပဲ။ သူနဲ့တရုတ်အဝယ်ဒိုင်နဲ့ ယုံကြည်မှုရပြီးသား ဖြစ်တယ်။ စိတ်ချ လက်ချဝယ်တယ်။ တိုက်ရိုက် တာယာကုန်ကြမ်းကို ဝင်တာမျိုးဆို တော့ မွန်ပြည်နယ်နဲ့အမြဲတမ်း ကျပ်တစ်ရာကျော် ကွာနေတာတွေ့ ရတယ်။ တရုတ်ဝယ် လက်ချင်းတူ ပေမယ့် မွန်ပြည်နယ်က စျေးအနိမ့်ဖြစ်နေတယ်။ ဒါကို ဒီကစက်ရုံ တွေကိုတွေ့ပြီး၊ သူတို့ဘက် အခက် အခဲကို ဆွေးနွေးအဖြေရှာဖို့ ရှိပါတယ်” ဟု ဝန်ကြီးစောအောင်မြင့်ခိုင် (မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး (ကရင်) ရော်ဘာတာဝန်ခံဝန်ကြီး) က ပြောကြားသည်။

မော်လမြိုင်စက်မှုဇုန်ရှိ ခရမ့်ရော်ဘာစက်ရုံပိုင်ရှင် ဦးအောင်ကျော်ညွန့်က “စျေးမှန်အတိုင်းရရှိရန်၊ စျေးမှန်အတိုင်း ဝယ်ပေးမည့် ကုန်သည်လိုပါတယ်။ မိမိတို့ဘက်ကလည်း ပစ္စည်း Quality ကောင်း အောင် လုပ်ပေးဖို့လိုပါတယ်။ အခုဟာက ပစ္စည်း Quality နဲ့စျေးနဲ့ ကိုက်လားဆိုတော့ မကိုက်ပါဘူး။ ပစ္စည်းတွေကလည်း ကောင်းသင့်သလောက် မကောင်းတာလည်းပါတယ်။ ကမ္ဘာ့ပေါက်စျေးနဲ့ ကျတော့လည်း တအားကွာတယ်။ စျေးမှန်ရဖို့က ကျွန်တော်တို့ဆီကလည်း ပစ္စည်း Quality ကောင်းကောင်းပေးဖို့ လိုအပ်တာပေါ့။ တောင်သူဘက်က ကောင်းအောင်ထုတ်ပေးဖို့ လိုတယ်။ ကိုယ့်ရဲ့အလုပ်သမားတွေကို ထိန်းပေးဖို့ လိုအပ်ပါတယ်။ တောင်သူတွေက အလုပ်သမားကိုသွားမှ မကြည့်နိုင်တာ။ သူတို့ပဲ ပစ်ထားတာပဲ၊၊ အလုပ်သမားတွေက လုပ်တဲ့ပြဿနာတွေပဲပေါ့” ဟု ပြောကြားသည်။

မွန်ပြည်နယ်အတွင်း ရော်ဘာ များသည် အရည်သွေးပိုင်း အားနည်းပြီး ရော်ဘာကုန်ကြမ်းစက်ရုံ တည်ဆောက်မှု နည်းနေ၍ Standard Rubber Market တည်ဆောက်ပါက ၎င်းတို့၏စျေးကွက် ပျက်မည်ကို စိုးရိမ်သည့် ဝယ်လက်အချို့က မသန့်ရှင်းသည့် အထူများကို အလေးထား ဝယ်ယူနေခြင်းတို့ကြောင့် ရော်ဘာစျေးကွက် ကျဆင်းမှု သံသရာလည်နေရာ အထူပြားမဝယ်ရဆိုသည့် အမိန့်တစ်ခု ထုတ်ခြင်းဖြင့် အရည်သွေး စျေးကွက်ကို ပြန်လည်ထူထောင်နိုင်ကြောင်း၊ ဂျာမနီပညာရှင်တို့က ထောက်ပြမှု ရှိသော်လည်း ယင်းစည်းကမ်း ပါဝင်သည့် ရော်ဘာဥပဒေကို အမြန်ပြဋ္ဌာန်းရန် လိုနေပြီဖြစ်ကြောင်း မွန်ပြည်နယ် ရော်ဘာထုတ်လုပ်သူ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ်တွင် ရော်ဘာဝယ်ယူနေသော စက်ရုံများမှာ လိုက်ဟောက်၊ စီရိထွန်း၊ ဖိုးလမင်း၊ အီးအီးအာ၊ ဟိုင်ဝင်၊ ယုံရှင်း၊ ရွှေမြန်မာ၊ ဖူလီလိုက်၊ သံလွင်ဟင်္သာ၊ ကျိုက်ထိုတို့ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent