လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဘီလျံကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၂၀ ခန့်သာ ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၉၀၀ ကျော် ရှိ

လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဘီလျံကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၂၀ ခန့်သာ ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၉၀၀ ကျော် ရှိ
ရန်ကုန်မြို့တွင် အကောင်အထည်ဖော်ထားသည့် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံအချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့တွင် အကောင်အထည်ဖော်ထားသည့် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံအချို့ကို တွေ့ရစဉ်
Published 14 February 2019
ဇေယျာငြိမ်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်လေးလတွင် ပြည်ပကုန်သွယ်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူ ထက် ဒေါ်လာသန်း ၃၂ဝခန့်သာ ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၉ဝဝကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၂၁ ဘီလျံကျော် ရရှိထားသည်။

သို့သော် ယခင်နှစ်ကာလတူတွင်မှု အမေရိကန်ဒေါ်လာ ၁၁ဒသမ ၁၀၁ ဘီလျံကျော် အထိသာရရှိထားသည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၁၉ ဒသမ ၉၁၆ သန်းအထိ ပိုမိုရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သုံးလကျော်တွင် ပြည်ပကုန်သွယ်မှုကို လေ့လာကြည့်ပါက မိမိနိုင်ငံက တင်ပို့သည့် ပို့ကုန်ကဏ္ဍမှ ရရှိသောဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၃၃ ဘီလျံကျော်သာရရှိထားပြီး ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၈၈ ဘီလျံကျော်အထိ တင်သွင်းထားသည်။

ထို့ကြောင့် သွင်းကုန်ပမာဏသည် ပို့ကုန်ပမာဏထက် အမေရိကန်ဒေါ်လာ ၉၅၅ ဒသမ၂၁ဝသန်း ပိုများနေသောကြောင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၉၅၅ ဒသမ၂၁ဝသန်းအထိ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လေးလကျော်တွင် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာသုံးဘီလျံကျော် ရရှိထားကာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၀၀ ကျော် ပိုမိုရရှိခဲ့သော်လည်း မူဆယ်နယ်စပ်ကုန်သွယ်မှု  ဒေါ်လာသန်း ၄၈၀ ကျော်အထိ လျော့ကျခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ နယ်စပ်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၅၂ ဘီလျံရရှိထားပြီး ယခင်နှစ်ကာတူတွင်မူ အမေရိကန်ဒေါ် လာ ၃ ဒသမ ၀၄၅ ဘီလျံသာရရှိထားသည့်အတွက် ယခုဘဏ္ဍာနှစ် လေးလကျော်တွင် နယ်စပ်ကုန်သွယ်မှုပမာဏသည် ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၂၀၃ သန်းကျော်ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်လေးလကျော်တွင် မြန်မာ-တရုတ်နယ်စပ်မူဆယ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၁ ဒသမ ၆၆၃ ဘီလျံရရှိထားပြီး ယခင်နှစ်ကာလတူတွင်မူ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၁၅ဝဘီလျံအထိ ရရှိထားသဖြင့် လေးလတွင် ၄၈၆ ဒသမ ၇၆၈ သန်းအထိ လျော့ကျခဲ့သည်။

ယင်းကဲ့သို့ လျော့ကျခဲ့ခြင်းမှာ အဓိက ပို့ကုန်တင်ပို့မှုလျော့ကျခဲ့ခြင်းကြောင့်ဖြစ်ပြီး ဘဏ္ဍာနှစ်သုံးလအတွင်း မူဆယ်နယ်စပ်မှ တင်ပို့ထားသည့် ပို့ကုန်ပမာဏသည် ဒေါ်လာ တစ်ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅၃၃ ဒသမ ၃၅၈ ဘီလျံအထိ လျော့ကျခဲ့သည်။

ကုန်သွယ်မှုတိုးတက်စေရေး ပို့ကုန်ကဏ္ဍတွင် အရေအတွက်သာမက အရည်အသွေးတိုး မြှင့်ခြင်း ဆောင်ရွက်မှုအပြင် သွင်းကုန်ကဏ္ဍတွင် ရေရှည်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် အရင်းအနှီးကုန်ပစ္စည်းများကို ပိုမိုတင်သွင်းသွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“ကုန်သွယ်မှုတိုးတက်ရေးအတွက် ပို့ကုန်ပိုင်းမှာ အရေအတွက်အပြင် အရည်အသွေးကိုပါ တိုးချဲ့ခြင်းဖြစ်သလို သွင်းကုန်ပိုင်းမှာလည်း ရေရှည်စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်မယ့် အရင်းအနှီးကုန်စည်များကိုလည်း ပိုမိုတင်သွင်းရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလို ငွေပြမှုများ လျော့နည်းစေရန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လာစေရန်အတွက် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရန် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်း၊ ပုဂ္ဂလိကကဏ္ဍအား အားပေးခြင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်များ တင်ပို့နိုင်ရေးအားပေးခြင်း၊ GSP ကဲ့သို့ ပို့ကုန်ဆိုင်ရာအခွန် သက်သာခွင့်ရရှိပြီး လုပ်ငန်းရှင်များ ပို့ကုန်စျေးကွက် တိုးချဲ့တင်ပို့နိုင်ရေးကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent