AD လိုင်စင်ရဘဏ်များ နိုင်ငံခြားငွေကြေးများ လိုငွေ / ပိုငွေအခြေအနေမဖြစ်ပေါ်ရေး ထိန်းသိမ်းရန်နှင့် လိုငွေ/ပိုငွေကို အဓိကမတည်ငွေရင်း၏ ရာခိုင်နှုန်း ၂၀ ထက် မကျော်လွန်ရန် ဗဟိုဘဏ်ညွှန်ကြား

AD လိုင်စင်ရဘဏ်များ နိုင်ငံခြားငွေကြေးများ လိုငွေ / ပိုငွေအခြေအနေမဖြစ်ပေါ်ရေး ထိန်းသိမ်းရန်နှင့် လိုငွေ/ပိုငွေကို အဓိကမတည်ငွေရင်း၏ ရာခိုင်နှုန်း ၂၀ ထက် မကျော်လွန်ရန် ဗဟိုဘဏ်ညွှန်ကြား
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 13 February 2019
စည်သူအောင်

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင် (Authorized Dealer License – AD) ရ ဘဏ်များ နိုင်ငံခြားငွေကြေးများ လိုငွေ/ပိုငွေအခြေအနေ မဖြစ်ပေါ်ရေးထိန်းသိမ်းရန်နှင့် လိုငွေ/ပိုငွေကို အဓိကမတည်ငွေရင်း၏ ရာခိုင်နှုန်း ၂၀ ထက်မကျော်လွန်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၆/၂၀၁၉ ဖြင့် ထုတ်ပြန်ထားသည်။

AD  လိုင်စင်ရဘဏ်များ ထိန်းသိမ်းထားရှိရမည့် နိုင်ငံခြားငွေလက်ကျန်အခြေအနေ (Net Open Position – ဆိုင်ရာ ညွှန် ကြားချက်ထုတ်ပြန်ခြင်းဖြစ်သည်။ AD လိုင်စင်ရဘဏ်များအနေဖြင့် ထိန်းသိမ်းထားရှိရမည့် နိုင်ငံခြားငွေလက်ကျန်အခြေအနေ (Net Open Position ) စပ်လျဉ်း၍ မည်သည့်နိုင်ငံခြား ငွေကြေးအမျိုးအစားမဆို လိုငွေအခြေအနေ / ပိုငွေအခြေအနေ (Short Position /Long Position) မဖြစ်ပေါ်ရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ လိုငွေအခြေအနေ / ပိုငွေအခြေအနေ (Short Position /Long Position) သည် အဓိကမတည်ငွေရင်း ( Core Capital )  ၏ ရာခိုင်နှုန်း ၂၀ ထက် မကျော်လွန်စေရန် လိုက်နာဆောင်ရွက်ရမည်ဟု ဗဟိုဘဏ်က ညွှန်ကြားထားသည်။

လိုငွေအခြေအနေ/ ပိုငွေအခြေအနေ (Short Position /Long Position) သည် ဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် နှစ်ရက်ဆက်တိုက် ကျော်လွန်ခြင်းမရှိစေရန် ညွှန်ကြားထားပြီး ယင်းသို့ကျော်လွန်ခဲ့ပါက သတ်မှတ်ချက်အတွင်း ပြန်လည်ရောက်ရှိစေရန် ဆောင်ရွက်ရန်ဖြစ်ပြီး သုံးရက်မြောက်နေ့အထိ ဆက်လက်ကျော်လွန်နေပါက ကျော်လွန်သည့်ပမာဏ၏ ၀ ဒသမ ၅ ရာခိုင်နှုန်းကို သုံးရက်မြောက်နေ့မှစ၍ ဒဏ်ကြေးပေး ဆောင်ရန်နှင့် ငါးရက်ဆက်တိုက် သတ်မှတ်ချက်ထက် ဆက်လက်ကျော်လွန်နေပါက ကျော်လွန်သည့်ပမာဏ၏ ၁ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ငါးရက်မြောက်နေ့မှ သတ်မှတ်ချက်အတွင်း ပြန်လည်ရောက်ရှိသည့်နေ့အထိ ပေးဆောင်ရမည်ဖြစ်သည်။

AD  လိုင်စင်ရဘဏ်များသည် Net Open Position – NOP  တွက်ချက်သည့်နည်းကို ညွှန်ကြားချက်အမှတ် ၁၄/ ၂၀၁၆ ပါ တွက်ချက်နည်းအတိုင်း ဆက်လက်အသုံး ပြုရန်နှင့် သတ်မှတ်ပုံစံများအတိုင်းပေးပို့ရမည် ဖြစ်သည်။

ညွှန်ကြားချက်အမှတ် (အက်ဖ်အီးအမ်ဒီ-၂ / ၂၀၁၃-၂၀၁၄) ၏ အပိုဒ် (၁၀)၊ (၁၁)၊ ညွှန်ကြားချက်အမှတ် ၁၄/ ၂၀၁၆ ၏ အပိုဒ် (၃) နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၇ ရက်စွဲပါစာအမှတ်၊ အက်ဖ်အီး-၁/ ၅၅၃ တို့ကို ယခုညွှန်ကြားချက်ဖြင့် လွှမ်းမိုးလိုက်သည်။ ယခုညွှန်ကြားချက်သည် ထုတ်ပြန်သည့်နေ့ (၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်) မှစ၍ ရက်သတ္တပတ်နှစ်ပတ်အကြာတွင် အကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်အတွင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့် ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညွှန်ကြားချက်များ ဆက်တိုက်ထုတ်ပြန်နေပြီး ယခုအချိန်အထိ ညွှန်ကြားချက်ခြောက်ခု ထွက်ရှိပြီးဖြစ်သည်။

ဘဏ်များမှ ထုတ်ချေးသောချေးငွေများအပေါ် ဘဏ်များက တောင်းခံနိုင်သည့် အတိုးနှုန်းများ (Lending Rates) ပြင်ဆင်သတ်မှတ်ခြင်းကိစ္စကို ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၁/ ၂၀၁၉  ဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ညွှန်ကြားချက်အမှတ် ၂ / ၂၀၁၉ ဖြင့် ပြည်တွင်းဘဏ်များအား စုစုပေါင်းချေးငွေ၏ ငါးရာခိုင်နှုန်းကို သက်တမ်းသုံးနှစ်ထက်ပိုသည့် အိမ်ရာချေးငွေများ ထုတ်ချေးခွင့်ပြုခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းဘဏ်များရှိ ပြန်လည်ရရှိရန် ဦးစားပေးအဆင့်တွင်မရှိသည့် ကြွေးမြီများကို ဖြည့်စွက်မတည်ငွေရင်းအဖြစ် ထည့်သွင်းခွင့်ပြုသောညွှန်ကြားချက်အမှတ် ၃ ။ ၂၀၁၉ ကို ထုတ်ပြန်ခဲ့ပြီး ညွှန်ကြားချက် ၄ /၂၀၁၉ ဖြင့် ဂျပန်ယန်းနှင့် တရုတ်ယွမ်တို့အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့်ငွေကြေးများအဖြစ် ခွင့်ပြုခဲ့သည်။ ထို့ပြင် AD လိုင်စင်ရ ဘဏ်များ နိုင်ငံခြားငွေရောင်း / ဝယ်သည့်အခါတွင် စျေးကွက်ကို ခြယ်လှယ်လွှမ်းမိုးမှုများ၊ ထပ်တလဲလဲရောင်းဝယ်မှုများနှင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများ မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက် ၅ /၂၀၁၉ ဖြင့် ထုတ်ပြန်ကြေညာထားသည်။          

Most Read

Most Recent