တရုတ်နယ်စပ်စျေးကွက်နှင့် အီးယူစျေးကွက် ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍ စိန်ခေါ်မှုများစွာ ရှိနေကာ ယခုနှစ် ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန်တစ်သန်းကျော် လျော့ကျနိုင်ဟုဆို

တရုတ်နယ်စပ်စျေးကွက်နှင့် အီးယူစျေးကွက် ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍ စိန်ခေါ်မှုများစွာ ရှိနေကာ ယခုနှစ် ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန်တစ်သန်းကျော် လျော့ကျနိုင်ဟုဆို
ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံတစ်ခုမြင်ကွင်းကို တွေ့ရစဉ်
ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံတစ်ခုမြင်ကွင်းကို တွေ့ရစဉ်
Published 11 February 2019
နီလာ

တရုတ်နယ်စပ်စျေးကွက်နှင့် အီးယူစျေးကွက်၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍတွင်  စိန်ခေါ်မှုများစွာ ရှိနေကာ ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် တစ်သန်းကျော်အထိ လျော့ကျနိုင်ကြောင်း ဆန်ကုန်သည်များက သုံးသပ်ကြသည်။

“တရုတ်နယ်စပ်စျေးကွက်နဲ့ အီးယူစျေးကွက်ရဲ့ ရိုက်ခတ်မှုတွေကြောင့် အခုနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ ဆန်စပါးကဏ္ဍမှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေခဲ့ပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကနဲ့ယှဉ်ရင် ပြည်ပကို ဆန်တင်ပို့မှုမှာ တန်ချိန်တစ်သန်းကျော် ကျသွားနိုင်တာ သေချာသလောက်ပါပဲ” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက ပြောကြားသည်။

ပြီးခဲ့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင် ခြင်းကြောင့်  ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှ ဒီဇင်ဘာလအကုန် အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၇ သန်း ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၈၀ ခန့်ရရှိထားသော်လည်း ယခင်နှစ် ကာလတူထက် တန်ချိန် ရှစ်သိန်းကျော်အထိ လျော့ကျသဖြင့် ဝင်ငွေဒေါ်လာသန်း ၂၁၀ ကျော်အထိ လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၇၁၇ သန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၅၇၈ ဒသမ ၈၀၇ သန်းရရှိထားပြီး ယခင်နှစ် ကာလတူတွင်မူတွင် တန်ချိန်၂ ဒသမ ၅၄၂ သန်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၈၉ ဒသမ ၇၈၀ သန်းအထိရရှိထားသည်။

ထို့ကြောင့် ယခုကိုးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် တန်ချိန် ၈၂၄,၅၁၃ ကျော် လျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၁၀ ဒသမ၉၇၅ သန်းအထိ လျော့ကျခဲ့ကြောင်း သိရသည်။

“ဒီအတွက် မြန်မာ့ဆန်စပါး ကဏ္ဍဟာ လာမယ့် နွေစပါးရာသီမှာ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

“လက်ရှိဒီနှစ်ကတော့ မနှစ်ကလောက် မပို့နိုင်ဘူး။ ဒါကတော့သေချာတယ်။ အဓိကတော့ ဝယ်လိုအား ကျနေတာ ကမ္ဘာ့ဆန်စပါး စျေးကွက်မှာရော ဝယ်လိုအား ကျတဲ့အတွက် ဖြစ်တာ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားထားသည်။

ထို့ပြင် တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီးများကြောင့် တရုတ်ကုန်သည်များက မြန်မာ့ဆန်ကို ဝယ်ယူမှု လျော့ကျနေပြီး ယခင်နှစ်များထက် ထက်ဝက်ခန့်အထိ တင်ပို့မှု လျော့ကျခဲ့ကြောင်း သိရသည်။

ထို့ပြင် ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်လုံးရှည် အမျိုးအစား (၁၆ မီလီမီတာအထက်) ဆန်များကို ဇန်နဝါရီ ၈ ရက်က စတင်ကာ သုံးနှစ်အထိ အခွန်ပြန်လည် ကောက်ခံသွားမည် ဖြစ်သဖြင့် အရည်အသွေးမြင့် စျေးကွက်တစ်ခုဖြစ်သည့် အီးယူသို့ ဆန်တင်ပို့မှုလည်း အထိုက်အလျောက် လျော့ကျလာမည်ဖြစ်သည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ အဓိက တင်ပို့နေသော တရုတ်စျေးကွက်နှင့် အီးယူစျေးကွက်သို့ ဆန်တင်ပို့မှုသည် ယင်နှစ်များထက် လျော့ကျလာမည် ဖြစ်သဖြင့် ပြည်ဆန် တင်ပို့မှုမှာလည်း လျော့ကျလာနိုင်ကြောင်း သိရသည်။                         

 

Most Read

Most Recent