မန္တလေးမြို့မှ ဆန်ကုန်သည်များ အနေဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံကို အမြဲအားကိုးမနေသင့်ဘဲ ရန်ကုန်မြို့အထိ သွားရောက်ပြီး စျေးကွက်သစ်ချဲ့ထွင်ရန် စဉ်းစားဆောင်ရွက်ချိန်တန်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

မန္တလေးမြို့မှ ဆန်ကုန်သည်များ အနေဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံကို အမြဲအားကိုးမနေသင့်ဘဲ ရန်ကုန်မြို့အထိ သွားရောက်ပြီး စျေးကွက်သစ်ချဲ့ထွင်ရန် စဉ်းစားဆောင်ရွက်ချိန်တန်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
တရုတ်- မြန်မာနယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်))
တရုတ်- မြန်မာနယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်))
Published 10 February 2019
ဌေးလှအောင်၊ မင်းလတ်

မန္တလေးမြို့မှ ဆန်ကုန်သည် များအနေဖြင့် နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတွင် တရုတ်နိုင်ငံကိုအမြဲအား ကိုးမနေသင့်ဘဲ ရန်ကုန်မြို့အထိ သွားရောက်ပြီး စျေးကွက်သစ်ချဲ့ထွင် ကြရန် စဉ်းစားဆောင်ရွက်ချိန်တန် ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ဖေဖော်ဝါရီ ၉ ရက်က မန္တလေးမြို့ရှိ မန္တလေးကွန်ဗင်းရှင်း စင်တာတွင်ပြုလုပ်သည့် ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်၏ မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် အထွေထွေညီလာခံ အခမ်းအနား၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာ၌ မကြာခဏ အပိတ်ခံရမှုများ ရှိနေကြောင်း၊ ထိုသို့ ပိတ်ဆို့ခံရမှုများကြောင့် တောင်သူများနှင့် ကုန်သည်များမှာ နစ်နာမှုများဖြင့် ကြုံတွေ့နေရကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“မန္တလေးတိုင်းဒေသကြီးဟာ ဆန်စပါးအဓိက မစိုက်ပျိုးပေမယ့် လမ်းပန်းဆက်သွယ်ရေးမှာ မဟာဗျူဟာ ကျပါတယ်။ ဆန်ကုန်သွယ် မှုမှာက မန္တလေးဟာ အဓိက အချက်အချာ ကျနေပါတယ်။ နယ်စပ်ဒေသ ဆန်စပါးကုန်သွယ်ရေးမှာ မန္တလေးကနေပြီး  ရာခိုင်နှုန်း ၅၀ ခန့်သွားနေ တာဖြစ်ပါတယ်။ ဒါကြောင့် နယ်စပ် ကုန်သွယ်ရေးဟာ အရေးကြီးပါ တယ်။  မန္တလေးက ဆန်ကုန်သည် ကြီးတွေကို ပြောချင်တာက နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ကိုချည်းပဲ အားကိုးမနေဘဲနဲ့ ရန်ကုန်အထိ သွားရောက်ပြီး စျေးကွက်သစ်တွေ ချဲ့ထွင်ပြီး စဉ်းစားဆောင်ရွက်ဖို့ အချိန်တန်နေပြီလို့ ကျွန်တော် မြင်ပါတယ်။ နောက်တစ်ချက်က တရုတ်နိုင်ငံကို ဆန်တင်ပို့တဲ့နေရာမှာ ကျွန်တော်တို့ အခါအားလျော်စွာ အပိတ်ခံရပါတယ်။ တောင်သူတွေလည်း ဒုက္ခရောက်တယ်။ တင်ပို့နေတဲ့ ကုန်သည်တွေလည်း ဒုက္ခရောက်ပါတယ်။ ဒါကြောင့် တစ်ဖက်နိုင်ငံရဲ့ မူဝါဒကို ကြည့်ပြီးတော့ တင်ပို့စေချင်တယ်။ စျေးကွက်တစ်ခုတည်းကို မှီခိုနေရတာက တစ်ခါတလေမှာ ကျွန်တော်တို့အတွက် အခက်အခဲ အကျပ်အတည်းတွေ ရှိပါတယ်။ ဒါကြောင့် ဆန်စပါးစျေးကွက် ဆက်ရှာဖို့လိုပါမယ်။ ဥရောပ၊ အာဖရိကအထိ ဆက်ရှာနေဖို့လိုပါမယ်” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၈ ခုနှစ် အာဆီယံစီးပွားရေးဆွေးနွေးပွဲမှာ ဘာပြောသွားလဲဆိုတော့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီအယူ အဆတွေ၊ ခေတ်မီနည်းပညာတွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကိုအလေးအနက် ထားရပါမယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ စားနပ်ရိက္ခာထုတ်ကုန် တွေထုတ်ရပါမယ်။ အဲဒီလို ထုတ်ကုန်တွေ ထုတ်လုပ်ကြတဲ့အခါမှာ ကျွန်တော်တို့ အရည်အသွေးဟာ အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ  အရည်အသွေးပြဿနာ ရှိပါတယ်။ ဒါကို ဖောက်ထွက်ဖို့ ကြိုးစားရပါမယ်။ အရင်တုန်းကတော့ အရည် အသွေးဆိုလိုက်ရင် ဆန်လေးကို လက်ဖဝါးပေါ် တင်လိုက်ပြီးတော့ ပွဲစားတွေက ဆန်အရည်အသွေးကို သူတို့ဘာသာသူတို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီလို သူတို့ဟာသူတို့ ဆန်စပါး အရည်အသွေးကို ချလိုက်တော့ တောင်သူတွေအတွက် အများကြီးနစ်နာ ဆုံးရှုံးခဲ့ကြရတယ်” ဟု ဒေါက်တာ ဇော်မြင့်မောင်က ဆက်လက် ပြောကြားသည်။

 

Most Read

Most Recent