ကရင်ပြည်နယ်သည် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်၌ တည်ရှိပြီး ပို့ဆောင်ရေးကဏ္ဍတွင် ကားလမ်း တစ်ခုတည်းကိုသာ အဓိက အားထားနေရသဖြင့် ကုန်စည်ပို့ဆောင်ရေး စရိတ်စက သက်သာသော မီးရထားလမ်း ဖောက်လုပ်ပေးရန် ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

ကရင်ပြည်နယ်သည် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်၌ တည်ရှိပြီး ပို့ဆောင်ရေးကဏ္ဍတွင် ကားလမ်း တစ်ခုတည်းကိုသာ အဓိက အားထားနေရသဖြင့် ကုန်စည်ပို့ဆောင်ရေး စရိတ်စက သက်သာသော မီးရထားလမ်း ဖောက်လုပ်ပေးရန် ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း သွားလာနေသော မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း သွားလာနေသော မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
Published 2 February 2019
နီလာ

ကရင်ပြည်နယ်သည် အရှေ့-အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီးပေါ်တွင် တည်ရှိပြီး ပို့ဆောင်ရေးကဏ္ဍတွင် ကားလမ်းတစ်ခုတည်းကိုသာ အဓိကအားထား အသုံးပြုနေရသဖြင့် ကုန်စည်ပို့ဆောင်ရေး စရိတ်စက သက်သာသော မီးရထားလမ်း ဖောက်လုပ်ပေးရန် ကြိုဆိုဖိတ်ခေါ်ပါကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြော ကြားသည်။

“ပို့ဆောင်ရေးကဏ္ဍမှာ ကရင်ပြည်နယ်ဟာ ကားလမ်းတစ်ခုတည်းကိုသာ အဓိကအားထား အသုံးပြုလျက် ရှိပါတယ်။ အဲဒီအတွက် ကုန်စည်ပို့ဆောင်ရေး စရိတ်စက သက်သာသော မီးရထားလမ်းများ ဖောက်လုပ်ပေးဖို့ ကြိုဆိုဖိတ်ခေါ်ချင်ပါတယ်။ ယခင် ရန်ကုန် -မော်လမြိုင် မီးရထားလမ်းရှိ သထုံဘူတာမှ လမ်းခွဲက ဘားအံမြို့အနီး မြိုင်ကလေး ဘိလပ်မြေစက်ရုံအထိ မီးရထားလမ်းဟောင်း ရှိပါ တယ်။ အဆိုပါ ရထားလမ်းအား မြဝတီအထိ ဆက်စပ်ဖောက်လုပ်နိုင်ပါက မြဝတီ-သထုံ လမ်းကြောင်းက ၁၇၇ ကီလိုမီတာခန့်သာ ကွာဝေးပြီး မြဝတီနယ်စပ်ဂိတ်မှ ဘားအံ-ရန်ကုန်အထိ ရထားလမ်း ဆက်သွယ်ရေးလမ်းကြောင်း ဖြောင့်ဖြူးလာမှာ ဖြစ်တဲ့အတွက် ကုန်သွယ်ရေးကဏ္ဍ ပိုမိုလွယ်ကူ ချောမွေ့လာမှာ ဖြစ်ပါတယ်” ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

ကရင်ပြည်နယ်သည် အဖိုးတန်သတ္တုများ ထွက်ရှိသကဲ့သို့ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ရှိသည့်အတွက် ကုန်သွယ်မှု ပို့ဆောင်ရေးတွင်  အဓိက အရေးပါသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

“ကရင်ပြည်နယ်ဟာ အမှတ် -၁ အာရှလမ်းမကြီးနဲ့ ဗီယက်နမ်နိုင်ငံ ဒါနန်းအထိ ဆက်သွယ်ထားသော အရှေ့-အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီးများပေါ်မှာ တည်ရှိတဲ့ဒေသ ဖြစ်ပါတယ်။ ကရင်ပြည်နယ် လူဦးရေရဲ့ ရာခိုင်နှုန်း  ၅၀ က စိုက်ပျိုးရေး ကဏ္ဍမှာ ပါဝင်လျက် ရှိပါတယ်။ စိုက်ပျိုးနိုင်တဲ့ မြေ ဧရိယာစုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းခန့်သာရှိပြီး မြေလွတ်မြေရိုင်းဧက သုံးသန်းကျော် ရှိပါတယ်။ ဒါအပြင် ထွက်ရှိလာတဲ့သီးနှံများကို ပြုပြင်ထုပ်ပိုးနိုင်တဲ့ အခြေခံ အဆောက်အအုံများလည်း များစွာလိုအပ်လျက် ရှိပါတယ်။ ကရင်ပြည်နယ် စိုက်ပျိုးရေးကဏ္ဍရဲ့လိုအပ်နေတဲ့ တန်ဖိုးမြှင့် ထုတ်လုပ်ပေးနိုင်တဲ့ ခေတ်မီတဲ့ လယ်ယာစီးပွားရေး ဝန်ဆောင်မှုများ ပြည်နယ်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဆက်လက်ပြောကြားသည်။

အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းကြောင်းတွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ မဟာ မဲခေါင်ဒေသတို့ ပါဝင်ဖြတ်သန်းသွားလာနိုင်မည် ဖြစ်သော်လည်း ကနဦး တိုက်ရိုက်ကုန် သွယ်မှုအဖြစ် ထိုင်းနိုင်ငံ ‘မုဒဟန်’ မြို့မှ မြန်မာနိုင်ငံ မော်လမြိုင်သို့ သွားလာခွင့်အဖြစ် MoU ရေးထိုးနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း လက်ရှိအချိန် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်လျက်ရှိပြီး ဒေါ်လာငါးသန်းအောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး မွန်ပြည် နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ ဧရိယာစုစုပေါင်း ၁၁၇၃၀ ဒသမ ၈၅၁ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ မိုင် ၇၀ ရှိပြီး တောင်မှမြောက်သို့ ၃၂၆ မိုင်ရှည်လျားသည်။

ကရင်ပြည်နယ်တွင် ခရိုင်လေးခုရှိပြီး ကော့ကရိတ်ခရိုင်၊ မြဝတီခရိုင်၊ ဘားအံခရိုင်နှင့် ဖာပွန်ခရိုင်တို့ဖြစ်ကာ ပြည်နယ်အတွင်း မြို ၁၈ မြို့ရှိကြောင်း သိရသည်။                       

 

Most Read

Most Recent