မိုဘိုင်းဖုန်းသုံးစွဲခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံရာတွင် ဘဏ္ဍာနှစ်သုံးနှစ်အတွင်း MPT မှ ကျပ် ၁၁၈ ဘီလျံကျော်ဖြင့် အများဆုံး ရရှိထားပြီး အူရီဒူးက အနည်းဆုံးဖြစ်နေ

မိုဘိုင်းဖုန်းသုံးစွဲခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံရာတွင် ဘဏ္ဍာနှစ်သုံးနှစ်အတွင်း MPT မှ ကျပ် ၁၁၈ ဘီလျံကျော်ဖြင့် အများဆုံး ရရှိထားပြီး အူရီဒူးက အနည်းဆုံးဖြစ်နေ
Published 30 January 2019

မိုဘိုင်းတယ်လီဖုန်း သုံးစွဲခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံရာတွင် ဘဏ္ဍာနှစ် သုံးနှစ်အတွင်း MPT မှ ကျပ် ၁၁၈ ဘီလျံကျော်ဖြင့် အများဆုံးရရှိခဲ့ပြီး အူရီဒူးထံမှ အနည်းဆုံး ရရှိထားကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ သိရသည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ၊ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ အခွန်ရငွေစာရင်းများနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားမှုအရ MPT၊ တယ်လီနောနှင့် အူရီဒူးသုံးခုတွင် MPT က အများဆုံးဖြစ်ပြီး အူရီဒူးက ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း အနည်းဆုံး ပေးဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၄၀၉၁၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၅၃၆၀၄ ဒသမ ၆၈၆ သန်းနှင့် ၂၀၁၈ ခြောက်လ ဘဏ္ဍာနှစ်တွင် ကျပ် ၂၃၈၂၄ ဒသမ ၈၉၉ သန်းဖြင့် ကျပ် ၁၁၈ ဘီလျံကျော် ပေးဆောင်ခဲ့သည်။

တယ်လီနောမြန်မာ ကုမ္ပဏီအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၂၉၆၈၃ ဒသမ ၅၆၉ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်၂၈၂၀၁ ဒသမ ၆၉၀ သန်းနှင့် ၂၀၁၈ ခြောက်လဘဏ္ဍာနှစ်တွင် ကျပ် ၁၄၀၃၁ ဒသမ ၂၃၂ သန်းဖြင့် ကျပ် ၇၁ ဘီလျံ ကျော် ပေးဆောင်ခဲ့သည်။

အူရီဒူးမြန်မာ အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၅၅၅၁ ဒသ ၁၉၉ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၁၅၆၇၉ ဒသမ ၅၀၈ သန်းနှင့် ၂၀၁၈ ခြောက်လဘဏ္ဍာ နှစ်တွင် ကျပ် ၆၀၃၂ ဒသမ ၆၆၈ သန်း ဖြင့် ကျပ် ၂၇ ဘီလျံကျော်သာ ပေးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အခြားတစ်ဖက်တွင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း အနေဖြင့်လည်း မိုဘိုင်းတယ်လီဖုန်း သုံးစွဲခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းအဖြစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၉၄၇ ဒသ ၄၆၃ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၁၁၁၇ ဒသမ ၇၈၁ သန်းနှင့် ၂၀၁၈ ခြောက်လဘဏ္ဍာ နှစ်တွင် ကျပ် ၃၄၅ ဒသမ ၄၄၉ သန်းဖြင့် ကျပ်သန်း ၂၄၁၀ ကျော် ပေးဆောင်ထားပြီး အဆိုပါ ကုမ္ပဏီလေးခုမှ ဘဏ္ဍာနှစ်သုံးနှစ်အတွင်း ကျပ်ဘီလျံ ၂၂၀ ခန့်ရရှိထားသည်။

Most Read

Most Recent