ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်သို့ ဆက်သွယ်မည့် နှစ်လမ်းသွားလမ်း မကြာမီ ဖောက်လုပ်မည်ဖြစ်ပြီး အထူးစီးပွားရေးဇုန် ဆက်လက် အကောင်အထည်ဖော်ရေး မြန်မာ၊ ဂျပန်နှင့် ထိုင်း ညှိနှိုင်းအစည်းအဝေး မြန်မာနိုင်ငံ၌ ကျင်းပမည်

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်သို့ ဆက်သွယ်မည့် နှစ်လမ်းသွားလမ်း မကြာမီ ဖောက်လုပ်မည်ဖြစ်ပြီး အထူးစီးပွားရေးဇုန် ဆက်လက် အကောင်အထည်ဖော်ရေး မြန်မာ၊ ဂျပန်နှင့် ထိုင်း ညှိနှိုင်းအစည်းအဝေး မြန်မာနိုင်ငံ၌ ကျင်းပမည်
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအား တွေ့ရစဉ် (ဓာတ်ပုံ - ဖြိုးဇင်)
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအား တွေ့ရစဉ် (ဓာတ်ပုံ - ဖြိုးဇင်)
Published 30 January 2019
နီလာ

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်သို့ ဆက်သွယ်မည့် နှစ်လမ်းသွားလမ်းကို မကြာမီ ဖောက်လုပ်တော့မည် ဖြစ်ကြောင်း အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“ထားဝယ်အထူးစီးပွားရေးဇုန်က အခုထိုင်းနဲ့ ဆက်ဆွေးနွေးနေပါတယ်။ လမ်းကလည်း ဖောက်တော့မယ်။ လမ်းဖောက်ဖို့ Survey လုပ်ပြီးပြီ။ မကြာခင် ထိုင်းနဲ့နှစ်လမ်းသွားလမ်း ဖောက်တော့မယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

အလားတူ ထားဝယ်အထူးစီးပွားရေးဇုန် ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက် မြန်မာ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ၏ ညှိနှိုင်းအစည်းအဝေးကို မကြာမီတွင် မြန်မာနိုင်ငံဘက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“မူလ Plan ရှိတယ်လေ။ ဂျပန်ကလည်း အဆိုပြုပြီးသွားတော့ ဒါကိုညှိပြီးတော့ Ajustment လုပ်ရမှာ။ ဒါကို ထိုင်းရယ် မြန်မာရယ် ဂျပန်ရယ် ညှိရမှာပေါ့။ ဂျပန်က ဆွဲတာပြီးနေပြီ။ ပြီးရင်ထိုင်းနဲ့ညှိမယ်။ မူလဟာကို ပြင်ဖို့တော့ မဟုတ်ဘူး။ မူလဒီဇိုင်းက ကြာပြီဆိုတော့ လွန်ခဲ့တဲ့ ၁၂ နှစ်၊ ၁၃ နှစ်ကဆိုတော့ မြေပြင်အခြေအနေက ပြောင်းလဲသွားပြီ။ အီတာလျံထိုင်းကလည်း သိပ်မလုပ်နိုင်တာကြောင့် အဲဒီနှစ်ခုအတွက် မြန်မာ၊ ထိုင်း၊ ဂျပန်ညှိပြီး ဆောင်ရွက်မယ်။ မကြာခင်မှာ မြန်မာဘက်မှာ Joint Committee ထိုင်မယ်လေ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆက်လက်ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း၏ အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်သော ထိုင်းနိုင်ငံနယ်စပ်မှ ထားဝယ် အထူးစီးပွားရေးဇုန်သို့ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်ရေးအတွက် ထိုင်းနိုင်ငံ အစိုးရက သက်သာသော ချေးငွေဖြင့် တည်ဆောက်ရန် ကမ်းလှမ်းထားခဲ့သဖြင့် အဆိုပါ ချေးငွေရယူ တည်ဆောက်နိုင်ရေး ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းနှင့် လမ်းအူကြောင်း ပြန်လည်စိစစ် တိုင်းတာခြင်းအား မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံမှ Department of Highways (DOH) တို့က ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလမ်း တည်ဆောက်မှုသည် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် များစွာအထောက်အကူပြုမည့် စီမံကိန်း ဖြစ်သည့်အပြင် ဒေသခံများ အတွက်လည်း များစွာအကျိုးဖြစ်ထွန်းမည့် စီမံကိန်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီ မံခန့်ခွဲမှုကော်မတီကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် မြန်မာအထူးစီးပွားရေး ဇုန်ဗဟိုအဖွဲ့က သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပြင်ပပညာရှင်များ စုစုပေါင်း အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌအဖြစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဦးစီးဆောင်ရွက်လျက်ရှိသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ပင်မစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ပင်မစီမံကိန်းအတွက် ဆက်လက် ဆောင်ရွက်ရမည့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း စသည့်အခြေခံ အဆောက်အအုံများ တည်ဆောက် ဆောင်ရွက်နိုင်ရေးအတွက် JICA က ဦးဆောင်ပြီး စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent