မြဝတီ နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ယခင်နှစ် ကာလတူထက် လျော့ကျလာပြီး ကုန်သွယ်မှု အများဆုံးစာရင်း၌ တတိယနေရာသို့ ရောက်ရှိလာ

မြဝတီ နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ယခင်နှစ် ကာလတူထက် လျော့ကျလာပြီး ကုန်သွယ်မှု အများဆုံးစာရင်း၌ တတိယနေရာသို့ ရောက်ရှိလာ
မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်း
မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်း
Published 28 January 2019
ကိုရွှေသိန်း  ( မြဝတီ)

မြန်မာ-ထိုင်းနယ်စပ် မြဝတီ ကုန်သွယ်ရေးစခန်းမှ သွင်းကုန်ပစ္စည်းများ တရားဝင် ကုန်သွယ်မှု လျော့ကျလာခြင်းနှင့်အတူ ကုန်သွယ်မှ ပမာဏမှာလည်း ယခင်နှစ် ကာလတူကထက် ပိုမိုလျော့ကျလာပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၈ ရက်ထိ ဒေါ်လာ ၂၄၉ ဒသမ ၅၇၃ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်စခန်းများအနက် ကုန်သွယ်မှုအများဆုံး ဖြစ်သော်လည်း ယခုဘဏ္ဍာနှစ်တွင် နဘုလေ၊ ထီးခီနယ်စပ်စခန်းမှာ ပို့ကုန်တင်ပို့မှု မြင့်တက်လာခဲ့ကာ မြဝတီနယ်စပ်ထက် ကုန်သွယ်မှုပမာဏ မြင့်တက်လာခဲ့ကြောင်း သိရသည်။ 

မြဝတီ နယ်စပ်စခန်းမှ ယခင်ဘဏ္ဍာနှစ် စက်တင်ဘာ ၁ ရက်မှ ဇန်နဝါရီ ၁၈ ရက်ထိ ဒေါ်လာ ၂၆၃ ဒသမ ၆၇၀ သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဒေါ်လာ ၂၄၉ ဒသမ ၅၇၃ သန်းသာ ကုန်သွယ်နိုင်ခဲ့သည့်အတွက် ယခုနှစ်တွင် ဒေါ်လာ ၁၄ ဒသမ ၀၉၄ သန်း လျော့ကျလာခဲ့သည်။

ထို့အတူ နဘုလေ၊ ထီးခီးနယ်စပ်မှ ယခင်နှစ် ဘဏ္ဍာနှစ်တွင် စက်တင်ဘာ ၁ ရက်မှ ဇန်နဝါရီ ၁၈ ရက်ထိ ဒေါ်လာ ၇ ဒသမ ၅၉၅ သန်းသာ ကုန်သွယ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပို့ကုန်ပစ္စည်း တင်ပို့မှု မြင့်တက်လာခဲ့ကာ အမေရိကန်ဒေါ်လာ ၅၇၉ ဒသမ ၆၃၁ သန်းဖိုး ကုန်သွယ်နိုင်ခဲ့သည့်အတွက် မြဝတီနယ်စပ်စခန်းမှာ ကုန်သွယ်မှု အများအများဆုံး စခန်းများ၌ တတိယနေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သော နှစ်လအတွင်း မြဝတီနယ်စပ်စခန်းမှ ဒေါ်လာ ၁၃၇ ဒသမ ၉၈၆ သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း  သွင်းကုန်ရော ပို့ကုန်ပါ ယခင်နှစ် ကာလတူကထက် မြင့်တက်လာသည့်အတွက် ယခင်နှစ် ကာလတူထက် ဒေါ်လာ  ၉ ဒသမ ၂၆၅ သန်း ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယခု လေးလကျော်အတွင်း ကုန်သွယ်မှု သိသိသာသာ လျော့ကျလာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုင်းနိုင်ငံဘက်သို့ ပို့ကုန်ပမာဏမှာ မြန်မာနိုင်ငံဘက်သို့ သွင်းကုန်ထက် ခုနစ်ဆခန့် လျော့နည်းနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် တင်ပို့သော  လယ်ယာထွက်ကုန် ပြောင်း၊ ကြက်သွန်၊ ဆန်၊ မုန့်များ၊ လျှပ်စစ် ပစ္စည်းများကို ထိုင်း အကောက်ခွန်ဌာနမှ နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်ရန်ဟု ဆိုကာ  မကြာခဏ ဖမ်းဆီးလျက်ရှိသော်လည်း မြန်မာနိုင်ငံဘက်သို ့ တင်သွင်းရန် ခွင့်ပြုမထားသော ဂျပန်တစ်ပတ်ရစ် without car များ၊ ဘီယာမျိုးစုံ၊ အေးခဲအသားနှင့် ကြက်နှင့် ကြက်ထွက် အသည်း၊ အိမ်ထောင်ပရိဘောဂ အဟောင်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အဟောင်းများနှင့်အတူ ထိုင်းနိုင်ငံထုတ်ကုန် ပစ္စည်းများကို  တရားမဝင် တင်သွင်းလျက်ရှိကြောင်း သိရသည်။

မြဝတီ နယ်စပ်စခန်းမှ ပြည်တွင်းသို့ စက်ယန္တရားများ၊ မော်တော်ဆိုင်ကယ်များ၊ လုပ်ငန်းသုံးပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းမျိုးစုံ တင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံဘက်မှလည်း  ရေထွက်ပစ္စည်း ငါးပုစွန်၊ ကဏန်းနှင့် လယ်ယာထွက်ပစ္စည်းများ၊ နှမ်း ၊ နနွင်း၊ ကြက်သွန်၊ ငရုတ်၊ ပဲနှင့် ကြံများ တရားဝင် တင်ပို့နေသော်လည်း ထိုင်းနိုင်ငံသား အကျိုးစီးပွားကာကွယ်သည့်အနေဖြင့် အချို့ကုန်ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပို့ခွင့်မရကြောင်း၊ ကျွဲ၊ နွားအပါအဝင် ကုန်ပစ္စည်းအများစုမှာ တရားမဝင် တင်ပို့နေကြဆဲ ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent