မြိတ်ခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများမှာ လျှပ်စစ်မီးစျေးနှုန်း ကြီးမြင့်ခြင်းနှင့် ပုံစံ ၇ ဖြင့် ချေးငွေရရှိရန် ခက်ခဲမှုများ ရင်ဆိုင်နေရကြောင်း သိရ

မြိတ်ခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများမှာ လျှပ်စစ်မီးစျေးနှုန်း ကြီးမြင့်ခြင်းနှင့် ပုံစံ ၇ ဖြင့် ချေးငွေရရှိရန် ခက်ခဲမှုများ ရင်ဆိုင်နေရကြောင်း သိရ
မြိတ်မြို့တွင် ဇန်နဝါရီ ၂၅ ရက်က MSME ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားတွင် ပြသထားမှုတစ်ခုကို တွေ့ရစဉ်
မြိတ်မြို့တွင် ဇန်နဝါရီ ၂၅ ရက်က MSME ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားတွင် ပြသထားမှုတစ်ခုကို တွေ့ရစဉ်
Published 26 January 2019
ဇော်မိုးဦး (မြိတ်)

မြိတ်ခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များမှာ လျှပ်စစ်မီးစျေးနှုန်း ကြီးမြင့်ခြင်းနှင့် ပုံစံ ၇ ဖြင့် ချေးငွေရရှိရန် ခက်ခဲမှုများနှင့် ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

ဒေသထွက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရန် လျှပ်စစ်မီးအခက်အခဲမှာ အဓိကဖြစ်နေပြီး ချေးငွေပိုင်းဆိုင်ရာ များမှာလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြထားရသည့် အနေအထားသာ ရှိနေသေးကြောင်း သိရသည်။ မြိတ်ခရိုင်အတွင်း ဒေသထွက်ကုန်များစွာ ထုတ်လုပ်နိုင်သော်လည်း အထက်ပါအချက်များအပြင် နည်းပညာပိုင်း ပံ့ပိုးမှုကိုလည်း အစိုးရဘက်မှ ဆောင်ရွက်ပေးနိုင်မှု အားနည်းနေကြောင်း သိရသည်။

“ငွေကြေးအရင်းအနှီး နည်းပညာရရှိဖို့အတွက် ဒေသခံလုပ်ငန်းရှင်တွေမှာ ပိုင်ဆိုင်မှုဆိုတာ လောလောဆယ် ဘဏ်တွေရဲ့ ချေးငွေကဏ္ဍက ဂရန်မြေတို့၊ ဘိုးဘွားပိုင်မြေတို့၊ အဆောက်အအုံတို့ကိုပဲ သတ်မှတ်ထားတယ်။ ဒေသလုပ်ငန်းရှင်တွေအဖို့ ဒီလိုပိုင်ဆိုင်မှုက ရာခိုင်နှုန်းအားဖြင့်ကြည့်ရင် အရမ်းကိုနည်းနေတယ်။ ပိုင်ဆိုင်မှုရာခိုင်နှုန်း များတာက စိုက်ပျိုး၊ မွေးမြူရေးခြံတွေပဲ ဖြစ်တယ်။ ပုံစံ ၇ နှင့် ချေးငွေရရှိဖို့က အခုချိန်အထိ အသုံးပြုလို့ မရသေးဘူး။ ပုံစံ ၇ နှင့် ချေးငွေရရှိဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ ကူညီပံ့ပိုးဖို့ စီမံ/ဘဏ္ဍာ ပြည်ထောင်စုဒုဝန်ကြီးကို တင်ပြထားတာရှိတယ်။ နောက်တစ်ခု ကျွန်တော်တို့ ဒေသမှာ MSME ဆိုတဲ့အအငယ်စား၊ အသေးစား၊ အလတ်စားတွေ ဖွံ့ဖြိုးဖို့ဆိုရင် အဓိက အခန်းကဏ္ဍ လျှပ်စစ်ဓာတ်အားပါ ပြည်နယ်နှင့် တိုင်းဒေသကြီးမှာ ကျွန်တော်တို့တိုင်းက စျေးအကြီးဆုံးဖြစ်နေတယ်။ အဲဒါကို တခြားတိုင်းနှင့် ပြည်နယ်လို အဖိုးနှုန်းချိုသာစွာ သုံးခွင့်ရဖို့ကျွန်တော်တို့ ကူညီပေးဖို့ တင်ပြထားတာရှိတယ်။ ဘဏ်အပိုင်းက ပြန်ရှင်းပြထားတာက ပုံစံ ၇ နှင့် ဗဟိုဘဏ်က ညွှန်ကြားထားတာ မရှိဘူး။ ဘဏ်တွေရဲ့ သဘောဆန္ဒအရ ပိုင်ဆိုင်မှု ခိုင်မာတာကို လိုချင်တဲ့အတွက် အဲဒီလိုပုံစံ ၇ လက်မခံသေးတာ ဖြစ်ပါလိမ့်မယ်။ စိုက်ပျိုးရေးဘဏ်ကတော့ ပုံစံ ၇ နှင့် ချေးငွေရရှိဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြထားတာရှိတယ်။ မကြာခင်မှာ ညွှန်ကြားချက်ရလာရင် ပုံစံ ၇ နှင့် လက်ခံဆောင်ရွက်ပေးဖို့ အကြောင်းပြန်ထားတာ ရှိပါတယ်” ဟု မြိတ်ခရိုင် အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဆန်းမင်းဦးက ပြောကြားသည်။

တချို့ထုတ်ကုန်များအတွက် ကုန်ကြမ်းများမှာ မြိတ်ခရိုင်နှင့်အနီး ပတ်ဝန်းကျင်ဒေသများတွင် ထွက်ရှိသော်လည်း လျှပ်စစ်မီးစျေးနှုန်း ကြီးမြင့်သည့်အတွက် လျှပ်စစ်မီးစျေးနှုန်း ချိုသာသော ရန်ကုန်မြို့တွင် စက်ရုံပြောင်းရွှေ့ ထုတ်လုပ်နေရကြောင်း သိရသည်။

“အခက်အခဲက ကျွန်မတို့ဒေသကထွက်တဲ့ ကြိမ်တွေကို ရန်ကုန်ပို့ရတယ်။ ပြီးတော့ကုန်ချော ထုတ်လုပ်နေရတဲ့အဆင့် ဖြစ်နေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့ဒေသမှာ လျှပ်စစ်မီးက အဆင်မပြေဘူး။ ကျွန်မတို့ အဓိက လိုအပ်တာက လျှပ်စစ်မီးနဲ့ လုပ်အားဖြစ်တယ်။ လျှပ်စစ်မီး အဆင်မပြေတော့ ရန်ကုန်မှာ ကျွန်မတို့ စက်ရုံ ဆောက်ရတယ်။ ကုန်ချောထုတ်ရတယ်။ ဒါကို တနင်္သာရီတိုင်းကို ပြန်သယ်ပြီး ရောင်းနေရတယ်။ ကုန်ကျစရိတ်က အများကြီး ကွာခြားသွားတယ်။ ရန်ကုန်မှာ စက်ရုံတည်ရတာက တနင်္သာရီတိုင်းက လျှပ်စစ်မီးစျေးကြီးတာထက် အများကြီးကွာပါတယ်။ အဆပေါင်းများစွာ ကွာပါတယ်။ အဓိက လိုအပ်တာက လျှပ်စစ်မီးပါပဲ။ တနင်္သာရီတိုင်းက လုပ်အားတွေက အများအားဖြင့် တစ်ဖက်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေရတယ်။ လုပ်သားအင်အား ရှားပါးလာတယ်။ အခက်အခဲတြွေ ဖစ်လာတယ်။ ကိုယ့်နိုင်ငံမှာ အလုပ်တွေ ပေးနိုင်မယ်။ တန်းတူရည်တူ လစာတွေ ပေးနိုင်မယ်ဆိုရင် ပြန်လာကြမှာပါပဲ။ အဲဒီလိုဖြစ်စေချင်ပါတယ်” ဟု ရွှေပင်လယ်ကုမ္ပဏီမှ ကိုယ်စားလှယ် ဒေါ်တင်တင်စိုးက ပြောကြားသည်။

မြိတ်မြို့တွင် လျှပ်စစ်မီးကို တစ်ယူနစ်လျှင် ကျပ် ၄၀၀ ကျော်ဖြင့် ဝယ်ယူသုံးစွဲနေရသည့်အတွက် ရင်းနှှီးမြှုပ်နှံမည့် သူများမှာ လက်တွန့်နေကြောင်း သိရသည်။ ရေထွက်ပစ္စည်း အများအပြား ထွက်ရှိသော်လည်း လျှပ်စစ်မီး စျေးနှုန်းကြီးမြင့်ခြင်း၊ ငါးစျေးကွက်ကို တိုင်းပြည်အတွင်း မတည်ဆောက်နိုင်ခြင်းတို့ကြောင့် စက်ရုံအလုပ်ရုံများမှာလည်း လာရောက် မရင်းနှီးသည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သား များစွာမှာ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် နေရဆဲဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent