ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ရှိလာပြီး ယခင်သုံးလပတ်ထက် ငှားရမ်းမှုနှုန်း သုံးရာခိုင်နှုန်း မြင့်တက်သော်လည်း ငှားရမ်းခ နှစ်ရာခိုင်နှုန်းကျဆင်း

ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ရှိလာပြီး ယခင်သုံးလပတ်ထက် ငှားရမ်းမှုနှုန်း သုံးရာခိုင်နှုန်း မြင့်တက်သော်လည်း ငှားရမ်းခ နှစ်ရာခိုင်နှုန်းကျဆင်း
ရန်ကုန်မြို့ရှိ ရုံးခန်းနေရာများနှင့် အရောင်းစင်တာများ ပါရှိသော Sule Square အဆောက်အအုံကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရုံးခန်းနေရာများနှင့် အရောင်းစင်တာများ ပါရှိသော Sule Square အဆောက်အအုံကို တွေ့ရစဉ်
Published 26 January 2019
စည်သူအောင်

၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်အထိ ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ရှိလာပြီး ယခင်သုံးလပတ်ထက် ငှားရမ်းမှုနှုန်း ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ငှားရမ်းခ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) က စျေးကွက် သုံးသပ်ထားသည်။

၂၀၁၈ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ်များ ထွက်ရှိလာမှုနှင့်အတူ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ရှိနေပြီး ၂၀၁၈ ခု နှစ်တစ်နှစ်လုံး စတုရန်းမီတာ ၃၀၀၀၀ ဝန်း ကျင်အသစ်ထွက်ရှိခဲ့ခြင်းဖြစ်သည်။ လာမည့် ၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ် ထွက်ရှိမှု စတုရန်းမီတာ ၂၂၀၀၀၀ ကျော်ရှိမည်ဟု မျှော်မှန်းထားပြီး ၂၀၂၁ နှစ်ကုန်တွင် ရုံးခန်းနေရာပေါင်း ၆၁၃၆၅၀ စတုရန်းမီတာ ရှိမည်ဖြစ်သည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ဆက်လက်ဝင်ရောက် လာမှုနှင့် ရှိနှင့်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းအချို့၏ လုပ်ငန်းတိုးချဲ့မှုများကြောင့် ရုံးခန်းနေရာလိုအပ်ချက် မြင့်မားသော်လည်း ငှားရမ်းမှုနှုန်းများ လျော့ကျလျက်ရှိသည်။ စျေးကွက်ဝင်ပြီး ရုံးခန်းအဆောက်အအုံ နေရာများ၏  ၇၂ ရာခိုင်နှုန်း ငှားရမ်းမှုရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တတိယ သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၃ သုံးရာခိုင် နှုန်းမြင့်တက်ခဲ့ပြီး ငှားရမ်းခမှာ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

Colliers International ၏ခန့်မှန်းချက်အရ ရုံးခန်းအငှားစျေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်လာရမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ငှားရမ်းမှုများလည်း များပြားလာမည်ဖြစ်သည်။ ထို့ပြင် အရွယ်အစားကြီးမားပြီး နိုင်ငံတကာ အဆင့်အတန်းမီသော ရုံးခန်းအဆောက်အအုံများသည် သမားရိုးကျ မဟုတ်သော ငှားရမ်းမှုများကို ပိုမိုဝန်ဆောင် ပေးလာနိုင်မည်ဖြစ်ပြီး အသေးစားနှင့် အလတ်စား ရုံးခန်းငှားရမ်းသူများက ပုံမှန်ရုံးခန်းစျေးကွက်ကို ဆက်လက်အားပြု နိုင်မည်ဖြစ်သည်။

လက်ရှိရုံးခန်း အဆောက်အအုံ ငှားရမ်းခများသည် တစ်တုရန်းမီတာလျှင် (တစ်လ) ဒေါ်လာ ၂၃ မှ ၅၈ ကြားရှိပြီး မြို့တွင်းနေရာများနှင့် အဆင့်မြင့် အဆောက်အအုံများသည် စျေးနှုန်းပိုမိုရရှိသည်။ အဆောက်အအုံနေရာသစ်များ ထွက်ပေါ်မှု၊ စျေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာခြင်းများ ကြောင့် သက်တမ်းကြာမြင့်ပြီး အရည်အသွေးနိမ့်သည့် ရုံးခန်းအဆောက်အအုံ နေရာများသည် အနာဂတ်ကာလတွင် စျေးနှုန်းရရှိ မှုပိုမိုနည်းပါး လာမည်ဖြစ်သည်။ လက်ရှိစျေးကွက်အတွင်း ရုံးခန်းအဆောက်အအုံများ၏ ပျမ်းမျှငှားရမ်းခစျေးနှုန်းသည် ၂၀၁၈ စတုတ္ထ သုံးလပတ်တွင် ၄၁ ဒေါ်လာဝန်းကျင်ဖြစ်ပြီး ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၂ ရာခိုင် နှုန်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၈ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကာ လာမည့် ၂၀၁၉ စတုတ္ထသုံးလပတ်တွင် ပျမ်း မျှငှားရမ်းခနှုန်း ၃၉ ဒေါ်လာသာ ရှိမည်ဟု Colliers က မျှော်မှန်းထားသည်။

ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာသစ် ထွက်ရှိမှုသည် လာမည့်သုံးနှစ်အတွင်း ဆက်လက် တိုးတက်လာမည်ဖြစ်ပြီး ၂၀၁၉ မှ ၂၀၂၁ ခုနှစ်အတွင်း စတုရန်းမီတာ ၂၂၅၇၅၀ အထိ ထပ်မံထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ အဆင့်မြင့်ရုံးခန်း အဆောက်အအုံများသည် ရန်ကုန်မြို့ လယ်တွင် ၆ ရာခိုင်နှုန်း၊ ရန်ကုန်မြို့လယ်အနီး နေရာတွင် ၇၉ ရာခိုင်နှုန်း၊ ရန်ကုန်မြို့ပြင်တွင် ၁၅ ရာခိုင်နှုန်း တည်ရှိနေကြောင်း Colliers International မှ သိရသည်။

 

Most Read

Most Recent