အငြင်းပွားကျွန်းစုအရေးကို ဖြေရှင်းရန် ပူတင်နှင့် အာဘေးတို့ ထိပ်သီးဆွေးနွေးပွဲကျင်းပ

အငြင်းပွားကျွန်းစုအရေးကို ဖြေရှင်းရန် ပူတင်နှင့် အာဘေးတို့ ထိပ်သီးဆွေးနွေးပွဲကျင်းပ
၂၀၁၈ ခုနှစ် မေ ၂၅ ရက်တွင် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်၌ ရုရှားသမ္မတ ပူတင် (ယာ) နှင့် ဂျပန်ဝန်ကြီးချုပ် အာဘေး (ဝဲ) ကို တွေ့ရစဉ်
၂၀၁၈ ခုနှစ် မေ ၂၅ ရက်တွင် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်၌ ရုရှားသမ္မတ ပူတင် (ယာ) နှင့် ဂျပန်ဝန်ကြီးချုပ် အာဘေး (ဝဲ) ကို တွေ့ရစဉ်
Published 22 January 2019
Ref: AFP

ပိုင်နက်အငြင်းပွားမှု ဖြစ်ပေါ်နေသော ကူရေးကျွန်းစု အရေးနှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် ဇန်နဝါရီ ၂၂ ရက်က မော်စကိုမြို့တွင် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။ ဝန်ကြီးချုပ်အာဘေး၏ မော်စကိုခရီးစဉ်သည် ၂၀၁၃ ခုနှစ် နှောင်းပိုင်းမှစ၍ သမ္မတပူတင်နှင့် ၂၅ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး ကူရေးကျွန်းစုနှင့်ပတ်သက်၍ သဘောထား ကွဲလွဲမှုများရှိသော်လည်း ပူးပေါင်းအဖြေရှာရန်အတွက် ကြိုးပမ်းမှုအဖြစ် ၎င်းတို့၏ တွေ့ဆုံမှုက ပြသနေသည်။

ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီး နောက်ဆုံးကာလတွင် ဆိုဗီယက်စစ်တပ်က Okhotsk ပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာကြားရှိ ကျွန်းလေးကျွန်းကို သိမ်းယူခဲ့သည်။ ထိုကျွန်းများပေါ်တွင် မော်စကို၏ အချုပ်အခြာအာဏာတည်ရှိနေမှုကို ဂျပန်က အသိအမှတ်ပြုခဲ့ခြင်း မရှိသလို ထိုအရေးကိစ္စကြောင့် ငြိမ်းချမ်းရေး  သဘောတူညီချက်အတွက် ဆယ်စုနှစ်ခုနစ်ခုကြာအထိ အတားအဆီးဖြစ်နေခဲ့သည်။

ပြီးခဲ့သော နိုဝင်ဘာနှောင်းပိုင်းမှစ၍ နှစ်နိုင်ငံကြားရှိ သံတမန်ဆက်ဆံရေးမှာ ရှုပ်ထွေးနေခဲ့သော်လည်း နိုင်ငံ့ခေါင်းဆောင်နှစ်ဦးသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်လှမ်းရန် သဘောတူခဲ့ကြသည်။ သို့သော် မကြာသေးမီက တိုကျိုနှင့် မော်စကိုမှ ထုတ်ပြန်ချက်များတွင် နှစ်နိုင်ငံကြား သဘောတူညီချက်ရရှိရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

အငြင်းပွားကျွန်းများပေါ်တွင် နေထိုင်နေကြသည့် ရုရှားနိုင်ငံသားများအနေဖြင့် ၎င်းတို့နေထိုင်ရာနေရာ၏ အချုပ်အခြာအာဏာသည် ပြောင်းလဲသွားလိမ့်မည်ဆိုသည့်အချက်ကို လက်ခံရန် ကူညီနိုင်ဖွယ်ရှိကြောင်း ဝန်ကြီးချုပ်အာဘေးက နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ရာ ယင်းပြောကြားမှုအပေါ် မော်စကိုဘက်မှ အပြင်းအထန်ပြန် လည်တုံ့ပြန်ခဲ့သည်။

ဂျပန်သည် ထိုကျွန်းများကို ၎င်း၏မြောက် ပိုင်း ပိုင်နက်နယ်မြေများအဖြစ် ညွှန်းဆိုနေခြင်းအား ရပ်တန့်ရန်လိုအပ်ကြောင်း၊ ဆွေးနွေးပွဲများလုပ်ဆောင်နိုင်ရန်အတွက် တိုကျိုသည် ကူရေးကျွန်းစုပေါ်၌ ရုရှား၏ အချုပ်အခြာအာဏာတည်မြဲနေမှုကို လက်သင့်ခံရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့က ပြောကြားခဲ့ပြီး တိုကျိုနှင့် ၀ါရှင်တန်တို့၏ စစ်ဘက်မဟာမိတ်ပြုမှုကို ခဲရာခဲဆစ်လုပ်ဆောင်မှုဟု ၎င်းက ညွှန်းဆိုခဲ့သည်။

အာဘေးသည် မော်စကိုခရီးစဉ်အပြီး ဇန်နဝါရီ ၂၃ ရက်တွင် ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပမည့် ဆွေးနွေးပွဲအတွင်း မိန်းခွန်းပြောကြားမည့် အစီအစဉ်လည်းရှိသည်။ မော်စကိုသို့မထွက်ခွာမီ အာဘေးက ရုရှားနှင့်ဆွေးနွေးညှိနှိုင်းမှုများသည် နှစ် ၇၀ ကျော် ကြာအထိ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပူတင်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် မျှော်လင့်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် မော်စကိုသို့ ဝန်ကြီးချုပ်အာဘေး ပထမဆုံးအကြိမ် လည်ပတ်ခဲ့ပြီး နောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်တို့သည် ပုဂ္ဂိုလ်ရေးအရကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြသည်။ ဇန်နဝါရီ ၂၁ ရက်က ထုတ်လွှင့်သော အင်တာဗျူးတစ်ခုတွင် အာဘေးက ၎င်းနှင့် ပူတင်တို့သည် အငြင်းပွား ကိစ္စရပ်ကို ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းဆောင်ရွက်ရန် သဘောတူထားကြပြီး ထိုပြဿနာရပ်ကို အနာဂတ် မျိုးဆက်သစ်များထံသို့ ရောက်ရှိစေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent