သြစတြေးလျနှင့် တရုတ် ကလေးနို့မှုန့် ရာဇဝတ်ဂိုဏ်းကို ရဲများက ဖြိုခွင်း

သြစတြေးလျနှင့် တရုတ် ကလေးနို့မှုန့် ရာဇဝတ်ဂိုဏ်းကို ရဲများက ဖြိုခွင်း
ဇန်နဝါရီ ၂၁ ရက်တွင် ဆစ်ဒနီ၌ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည့် ကလေးနို့မှုန့်ဘူးများကို ပြသထားစဉ် (Photo: AFP)
ဇန်နဝါရီ ၂၁ ရက်တွင် ဆစ်ဒနီ၌ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည့် ကလေးနို့မှုန့်ဘူးများကို ပြသထားစဉ် (Photo: AFP)
Published 21 January 2019
Ref:AFP

တရုတ်နိုင်ငံတွင် တရားမဝင် ပြန်လည် ရောင်းချရန် ဆစ်ဒနီမြို့တစ်ဝန်းရှိ အဓိက လက်လီ အရောင်းဆိုင်ကြီးများမှ ကလေး နို့မှုန့်၊ ဗီတာမင်နှင့် ပျားရည်များကို ခိုးယူနေသော ရာဇဝတ်ဂိုဏ်းတစ်ခုကို သြစတြေးလျ အာဏာပိုင်များ ဖြိုခွင်းနိုင်ခဲ့ပြီးနောက် လူ ခြောက်ဦးကို ဖမ်းဆီး အမှုဖွင့်ထားသည်ဟု သိရသည်။

ဖမ်းဆီးမိသူများအနက် လေးဦးမှာ မိသားစု တစ်စုတည်းမှဖြစ်ပြီး အခြားနှစ်ဦးမှာ အမျိုးသားများဖြစ်ကာ ၎င်းတို့အဖွဲ့ လှုပ်ရှားနေသည်မှာ နှစ်အတန်ကြာ ရှိနေပြီဟု သိရသည်။

“ သြစတြေးလျ လူထုရဲ့အကျိုးကို ပျက်ပြားစေပြီး ပြည်ပစျေးကွက်မှာ ကိုယ်ကျိုးရှာ အမြတ်ထုတ်နေတဲ့ ကျယ်ပြန်တဲ့ ရာဇဝတ်ဂိုဏ်း တစ်ဂိုဏ်း ဖြစ်တယ်လို့ ထင်ပါတယ်”ဟု နယူးဆောက်ဝေးရဲတပ်ဖွဲ့မှ ထောက်လှမ်းရေးမှူး ဒန်နီဒိုဟာတီက ဆစ်ဒနီတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ 

လွန်ခဲ့သည့် ၁၂ လအတွင်းမှာပင် ခိုးယူထားသော ကလေးနို့မှုန့်များအား ရောင်းချခဲ့မှု၏ တန်ဖိုးသည် သြစတြေးလျဒေါ်လာ တစ်သန်း (အမေရိကန်ဒေါ်လာ ၇၂၀၀၀၀) ရှိကြောင်း ရဲများက ပြောကြားခဲ့သည်။ ထိုကဲ့သို့ အကျိုးအမြတ်များသည့် တရားမဝင် လုပ်ငန်းသည် ပြီးခဲ့သည့်နှစ်များအတွင်း ကလေးနို့မှုန့်များကို သင်္ဘောဖြင့် အကြိမ်ပေါင်း ထောင်ချီ ပို့ဆောင်ခဲ့သည်ဟု ရဲတို့က ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံတွင် သြစတြေးလျမှ ကလေးနို့မှုန့်များသည် ပြည်တွင်းထုတ်များထက် ပိုမို ဘေးကင်းကာ အရည်အသွေးမြင့်သည်ဟု ယူဆကြပြီး ယင်းတို့ကို ရွှေဖြူများဟုပင် အမည်ပြောင် ခေါ်ဝေါ်ကြသည်။

ဆစ်ဒနီရှိ လက်လီ အရောင်းဆိုင်များတွင် ပစ္စည်းခိုးယူခံရမှုများ ရှိသည်ဆိုသော တိုင်ကြားချက်များ ရရှိခဲ့ပြီးနောက် ယခုအမှုနှင့် ပတ်သက်၍ ရဲများက ပြီးခဲ့သောနှစ် ဖေဖော်ဝါရီတွင် စုံစမ်းစစ်ဆေးမှုများကို စတင်ခဲ့ကြသည်။ 

ထို့ပြင် သြစတြေးလျနိုင်ငံတွင် နောက်ထပ် မှောင်ခိုစျေးကွက်တစ်ခုလည်း ကြီးထွားလာလျက် ရှိသည်။ ထိုစျေးကွက်ထဲတွင်  Daigou ဟု ခေါ်သော ကြားခံ စျေးဝယ်ပေးသူများသည် တရုတ်နိုင်ငံမှ ဖောက်သည်များ သြစတြေးလျထုတ်ပစ္စည်းများ ရရှိစေရန် ကူညီပေးကြခြင်း ဖြစ်သည်။ ထို Daigou တို့ သည် ဒေသတွင်းဆိုင်များမှ ပစ္စည်းများ ဝယ်ယူပြီး တရုတ်နိုင်ငံသို့ သင်္ဘောဖြင့် ပို့ပေးကြသည်။ 

လေ့လာသူများ၏ ခန့်မှန်းချက်အရ ကုန်ပစ္စည်းများကို ပြန်ရောင်းပေးပြီး နှစ်စဉ် ပျမ်းမျှဝင်ငွေ ဒေါ်လာ ၁၀၀၀၀၀ ကျော်ရရှိနေသော Daigou များသည် သြစတြေးလျနိုင်ငံတွင် ထောင်ပေါင်းများစွာ ရှိနေနိုင်သည်ဟု သိရသည်။ ပြည်တွင်းမီဒီယာများ၏ ခန့်မှန်းချက်အရ သြစတြေးလျတွင် သြစတြေးလျ ဒေါ်လာ ၃၀ ဖြင့် ရောင်းချသော နို့မှုန့်သံဗူး တစ်ဘူးကို တရုတ်တွင် သြစတြေးလျ ဒေါ်လာ ၈၀ ဖြင့် ပြန်လည် ရောင်းချကြသည်ဟု သိရသည်။ 

သြစတြေးလျတွင် ကလေးနို့မှုန်များအား ဝယ်လိုအား အလွန်မြင့်တက်နေသဖြင့်  အမှန်တကယ် လိုအပ်သော စျေးဝယ်ယူများအတွက် ချန်ပေးထားရန် အချို့သော စူပါမားကတ်ကြီးများတွင် နိုမှုန့်များကို အရောင်းစင်များပေါ်တွင် တင်မထားကြတော့ရန် ယမန်နှစ်က စတင် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။                            

 

Most Read

Most Recent