ဖိလစ်ပိုင်တောင်ပိုင်းတွင် မွတ်စလင်တို့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး လူထုဆန္ဒခံယူပွဲ ကျင်းပ

ဖိလစ်ပိုင်တောင်ပိုင်းတွင် မွတ်စလင်တို့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး လူထုဆန္ဒခံယူပွဲ ကျင်းပ
ဇန်နဝါရီ ၂၁ ရက်တွင် ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့၌ မဲရုံတစ်ရုံတွင် မဲပေးနေကြစဉ်
ဇန်နဝါရီ ၂၁ ရက်တွင် ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့၌ မဲရုံတစ်ရုံတွင် မဲပေးနေကြစဉ်
Published 21 January 2019
Ref : AFP, AP

ဖိလစ်ပိုင်နိုင်ငံထဲမှ ရာစုနှစ်ဝက်နီးပါးကြာ မငြိမ်သက်မှုများကို အဆုံးသတ်စေရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသစ်တစ်ခု ထွက်ပေါ်လာစေရေးအတွက် နိုင်ငံတောင်ပိုင်းမှ မွတ်စလင်များသည် ဇန်နဝါရီ ၂၁ ရက်က လူထုဆန္ဒခံယူပွဲတစ်ခုအတွင်း မဲပေးခဲ့ကြသည်။ ၎င်းတို့၏ ခေါင်းဆောင်များက ယခု မဲပေးမှုသည် IS ကို အားကျသာ စစ်သွေးကြွသစ်များ မထွက်ပေါ်လာစေရန် အကောင်းဆုံး ရွေးချယ်စရာနည်းလမ်းဖြစ်သည်ဟု အမွှမ်းတင်ထားခဲ့ကြသည်။

ဖိလစ်ပိုင်အစိုးရနှင့် မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦး (MILF) တို့ကြားမှ ငြိမ်းချမ်းရေး သဘောတူညီချက်တွင် ယခုမဲပေးမှုသည် နောက်ဆုံးအဆင့်ဖြစ်သည်။ MILF အဖွဲ့သည် ၁၉၇၀ ပြည့်နှစ်မှစပြီး ခွဲထွက်ရေးအတွက် ထကြွနေကြသော အဓိကသူပုန်အင်အားစုဖြစ်သည်။

နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းပေါ်တွင် တည်ရှိသော အဆိုပြုလျာထားသည့် ဘန်ဂါစမိုရိုဒေသထဲမှ အဓိကဧရိယာများ၌ မဲပေးမှုသို့ သောင်းသောင်းဖြဖြ လာရောက်မဲပေးကြလိမ့်မည်ဟု မျှော်မှန်းထားသည်။ ပြိုင်ဘက်သူပုန်အဖွဲ့များသည် ယခုမဲပေးမှုကို ပျက်စီးစေရန် အကြမ်းဖက်မှုများ အသုံးပြုမည်ကို စိုးရိမ်သဖြင့် မဲဆန္ဒရှင်၂.၈ သန်းခန့် မဲပေးကြခြင်းကို စစ်သားနှင့် ရဲ ၂၀၀၀၀ ခန့်က စောင့်ကြည့်နေမည်ဖြစ်သည်။

၁၉၉၀ ပြည့်လွန်နှစ်ကတည်းက စတင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် IS ကို သစ္စာခံသော အဖွဲ့များအပါအဝင် သဘောထားတင်းမာသော အစ္စလာမ္မစ်အုပ်စုများမပါဝင်ပေ။ သို့သော် ထိုအုပ်စုများသည်လည်း နိုင်ငံတောင်ပိုင်းတွင် လှုပ်ရှားမှုရှိကြသည်။ “သူတို့ရဲ့ ရည်ရွယ်ချက်ဟာ အကြမ်းဖက်မှုတွေကို မျိုးစေ့ချပေးဖို့ပါ။ အခြားဘာရည်ရွယ်ချက်မှ အမှန်တကယ် မရှိကြပါဘူး” ဟု ဖိလစ်ပိုင်အမျိုးသား ရဲချုပ်အော်စကာအယ်ဘာယာဒီက ပြောကြားခဲ့သည်။

အသစ်ထွက်ပေါ်လာမည့် တည်ငြိမ်မှုရှိသော ဘန်ဂါစမိုရိုဒေသသည် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု အစိုးရနှင့် MILF တို့က မျှော်လင့်နေသည်။ လက်ရှိတွင်မူ ဒေသထဲမှ အလွန်တရာဆင်းရဲမွဲတေမှုများနှင့် ကာလရှည်ကြာ သွေးချောင်းစီးဖြစ်စဉ်များက အစွန်းရောက်အဖွဲ့များအား  လူသစ်စုနိုင်စေရန်အကြောင်းရင်းကို လှုံ့ဆော်ပေးနေသည်။

သမ္မတရိုဒရီဂိုဒူတာတေးသည် မွတ်စလင်တို့နေထိုင်သော မင်ဒါနာအိုကျွန်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ထွက်ပေါ်လာစေရန် ထောက်ခံနေသည်မှာ ကာလရှည်ကြာရှိပြီဖြစ်သည်။

သဘောတူညီမှုပါ အချက်အလက်များအရ သူပုန်တို့သည် လွတ်လပ်သောနိုင်ငံ တစ်နိုင်ငံထူထောင်ရန် ၎င်းတို့၏ရည်မှန်းချက်ကို စွန့်လွှတ်လိုက်သည့်အတွက် အပြန်အလှန်အနေဖြင့် ကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိမည်ဖြစ်သည်။ သူပုန်အဖွဲ့ထဲမှ အင်အား ၃၀၀၀၀ မှ ၄၀၀၀၀ ကြားရှိသော တိုက်ခိုက်ရေးသမားများမှာ ၎င်းတို့၏ တိုက်ခိုက်ရေးသမားဘဝကို စွန့်ခွာမည်ဖြစ်သည်။ အစိုးရသည် ရဲတပ်ဖွဲ့ကို ချုပ်ကိုင်ထားမည်ဖြစ်သော်လည်း ဒေသ၏ခေါင်းဆောင်များက လုံခြုံရေးပိုင်းတွင် နီးနီးကပ်ကပ်ဝင်ပါမည်ဖြစ်သည်။ ယခုရွေးကောက်ပွဲ၏ ရလဒ်ကို လာမည့် လေးရက်အတွင်း သိရှိနိုင်မည်ဖြစ်သည်။         

 

 

Most Read

Most Recent