ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၂၆ ဦး၏ ကြွယ်ဝမှုသည် ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေထက်ဝက်၏ ပိုင်ဆိုင်မှုနှင့်ညီမျှနေ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၂၆ ဦး၏ ကြွယ်ဝမှုသည် ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေထက်ဝက်၏ ပိုင်ဆိုင်မှုနှင့်ညီမျှနေ
Published 21 January 2019
Ref : AFP

ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ် ၂၆ ဦး၏ ချမ်းသာကြွယ်ဝမှုသည် ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေထက်ဝက်၏ ပိုင်ဆိုင်မှုနှင့်ညီမျှနေကြောင်း Oxfam က ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဆင်းရဲချမ်းသာကွာဟမှု မြင့်မားလာခြင်းကို တားဆီးရန် ချမ်းသာသူများ၏ ချမ်းသာကြွယ်ဝမှုအား အခွန်နှုန်းထားများ တိုးမြှင့်ပေးဆောင်ခိုင်းရန်လည်း ထိုအဖွဲ့က အစိုးရများကို တိုက်တွန်းခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ဘီလျံနာများ၏ စုစုပေါင်းပိုင်ဆိုင်မှုပမာဏသည် ၂၀၁၈ ခုနှစ်အတွင်း တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံထိ မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် Amazon အမှုဆောင်ချုပ် ဂျက်ဖ်ဘီဇော့၏ ပိုင်ဆိုင်မှုသည် ပြီးခဲ့သည့်နှစ်အတွင်း ဒေါ်လာ ၁၁၂ ဘီလျံသို့ မြင့်တက်သွားသည်ကို တွေ့ရှိခဲ့ရပြီး ၎င်း၏ ချမ်းသာကြွယ်ဝမှု တစ်ရာခိုင်နှုန်းသည် လူဦးရေ ၁၀၅ သန်းရှိသော အီသီယိုးပီးယားနိုင်ငံ၏ ကျန်းမာရေးဘတ်ဂျက်ငွေအားလုံးနှင့် ညီမျှနေကြောင်း ပရဟိတအဖွဲ့အစည်း Oxfam ၏ အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

လူ ၃.၈ သန်းသည် ပိုင်ဆိုင်မှုအနည်းဆုံးအဆင့်တွင် ရှိနေပြီး ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုသည် ပြီးခဲ့သည့်နှစ်တွင် ၁၁ ရာခိုင်နှုန်းထိ ကျဆင်းသွားသည်ကို တွေ့ ရကြောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှုမြင့်မားလာခြင်းသည် ဆင်းရဲမွဲတေမှုပပျောက်စေရန် လုပ်ဆောင်ခြင်းကို အင်အားချည့်နဲ့စေပြီး စီးပွားရေး ထိခိုက်မှုများဖြစ်ပေါ်စေခြင်းနှင့် ပြည်သူများ၏ ဒေါသကို မီးမွှေးပေးနေကြောင်း Oxfam က ဆိုသည်။

၁၉၈၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်ကြားကာလများ၌ ကမ္ဘာတစ်ဝန်းဝင်ငွေ တစ်ဒေါ်လာတိုးတက်လျှင် အဆင်းရဲဆုံးလူဦးရေ ထက်ဝက်သည် ဝင်ငွေ ၁၂ ဆင့်မျှသာ တိုးမြှင့်ရရှိပြီး ကမ္ဘာ့အချမ်းသာဆုံး တစ်ရာခိုင်နှုန်းက ၂၇ ဆင့်ထိ ရရှိနေဟု အစီရင်ခံစာက ဆိုသည်။

အစိုးရအဖွဲ့များသည် ကျန်းမာရေး၊ ပညာရေးစသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် ရန်ပုံငွေထောက်ပံ့မှုနည်းပါးနေခြင်းနှင့် တစ်ချိန်တည်းမှာပင် ချမ်းသာကြွယ်ဝသူများအား အခွန်ကောက်ခံမှုနှုန်းမှာ အပြောင်းအလဲမရှိ နည်းပါးနေခြင်းတို့သည် ဆင်းရဲချမ်းသာကွာဟမှုကို ပိုမိုဆိုးရွားစေကြောင်း Oxfam က သတိပေးထားသည်။

ဆင်းရဲချမ်းသာမညီမျှမှုများ မြင့်မားလာသည့် နိုင်ငံအများအပြားတွင် ချမ်းသာသူများအား အခွန်နှုန်းများ တိုးမြှင့်ကောက်ခံရန် တောင်းဆိုမှုများထွက်ပေါ်လာခဲ့သည်။ အမေရိကန်လွှတ်တော် အမတ်အလက်ဇန်းဒါး အိုကာစီရိုကော်တက်စ်က နိုင်ငံတွင်းရှိ အချမ်းသာဆုံးပုဂ္ဂိုလ်များအား အခွန် ၇၀ ရာခိုင်နှုန်းအထက် ထမ်းဆောင်ရန် အဆိုပြုခဲ့သည်။

ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ်များ၏ ကြွယ်ဝမှုအပေါ် အခွန်နှုန်း ၀.၅ ရာခိုင်နှုန်း သာတိုးမြှင့်ကောက်ခံလျှင်ပင် ထိုငွေများသည် ကမ္ဘာတစ်ဝန်းရှိ ကျောင်းမနေရသည့် ကလေးငယ် ၂၆၂ သန်း၏ ပညာသင်စရိတ် ကိုထောက်ပံ့ပေးနိုင်ကြောင်း Oxfam က ပြောကြားခဲ့သည်။

 

Most Read

Most Recent