အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ဆန့်ကျင်သော လူထုစုဝေးပွဲကြီးသို့ လူသန်းဝက်ခန့် တက်ရောက်

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ဆန့်ကျင်သော လူထုစုဝေးပွဲကြီးသို့ လူသန်းဝက်ခန့် တက်ရောက်
ဇန်နဝါရီ ၁၉ ရက်က ကိုးလ်ကတ္တားတွင် ပြုလုပ်နေသည့် ကြီးမားလှသော လူထုစုဝေးပွဲကြီးအား တွေ့ရစဉ်  (Photo: AFP)
ဇန်နဝါရီ ၁၉ ရက်က ကိုးလ်ကတ္တားတွင် ပြုလုပ်နေသည့် ကြီးမားလှသော လူထုစုဝေးပွဲကြီးအား တွေ့ရစဉ် (Photo: AFP)
Published 20 January 2019
Ref: AFP

အိန္ဒိယနိုင်ငံ၌ အမျိုးသားရွေးကောက်ပွဲကျင်းပရန် နီးကပ်လာစဉ် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီကို ဆန့်ကျင်သည့် အကြီးမားဆုံး အင်အားပြမှုကြီးအဖြစ် ဇန်နဝါရီ ၁၉ ရက်က အိန္ဒိယအတိုက်အခံပါတီများသည် ၎င်းတို့အား ထောက်ခံသူ အင်အားသန်းဝက်ခန့်ကို ကိုးလ်ကတ္တား၏ လမ်းများပေါ်သို့ ရောက်ရှိလာအောင် ဆွဲဆောင်နိုင်ခဲ့သည်။

အလွန်တရာကြီးမားသည့် 'စည်းလုံးသော အိန္ဒိယ'  လူထုစုဝေးပွဲကြီးသို့ လာရောက်သူ ၅၀၀,၀၀၀ ခန့်ရှိသည်ဟု နိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တားမြို့ခံရဲများက ပြောကြားခဲ့သည်။ မိုဒီနှင့် ၎င်း၏ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီတို့ကို ဆန့်ကျင်သော အတိုက်အခံနယ်ပယ်တစ်ဝန်းမှ ခေါင်းဆောင်များကို ယခုပွဲအတွင်း တွေ့ခဲ့ရ သည်။

လာရောက်ကြသည့် လူပင်လယ်ကြီးထဲတွင် အတိုက်အခံခေါင်းဆောင်တို့၏ မိန့်ခွန်းများကို ထပ်ဆင့်ပြသရန်ကြီးမားသော ပိတ်ကားပြင် ၂၀ ထောင်ထားပြီး နိုင်ငံအလံ၊ အတိုက်အခံလှုပ်ရှားမှု အလံများအား ဝှေ့ ယမ်းနေကြသည်ကို တွေ့ကြရသည်။ လုံခြုံရေးအတွက် ရဲအင်အား ၅,၀၀၀ ချပေးထားသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

မိုဒီအစိုးရဟာ သက်တမ်းကုန်ဆုံးတဲ့ရက်ကို ကျော်လွန်သွားပါပြီ  ဟု အနောက်ဘင်ဂေါပြည်နယ်မှ ပြည်နယ်ဝန်ကြီးချုပ် မာမာတာဘာနာဂျီက စင်မြင့်ပေါ်မှတစ်ဆင့် ပြောကြားခဲ့သည်။ ယခုလူထုစုဝေးပွဲကို စီစဉ်ခဲ့သော ဘာနာဂျီ၏ အစိုးရအဖွဲ့က လာရောက်သူ လေးသန်းခန့်ရှိသည်ဟု ပြောကြားခဲ့သော်လည်း ကိုးလ်ကတ္တားရဲချုပ် ရာဂျစ်ဗ်ကူးမားက လာရောက်သူ ၅၀၀,၀၀၀ ရှိသည်ဟု ဆိုသည်။

ထိုလူထုစုဝေးပွဲကြီးပြုလုပ်နေစဉ် ဂူဂျရက်ပြည်နယ်ထဲ၌ စစ်အသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးနေသည့် မိုဒီက အတိုက်အခံတို့သည် ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ “ ဒီမဟာမိတ်အုပ်စုဟာ ကျွန်တော့်ကို ဆန့် ကျင်တာမဟုတ်ပါဘူး၊ အိန္ဒိယကို ဆန့်ကျင်နေတာပါ ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လာမည့် ဧပြီနှင့် မေလတို့တွင် သန်းပေါင်း ရာနှင့်ချီသော အိန္ဒိယပြည်သူတို့သည် ရွေးကောက်ပွဲ၌ မဲပေးကြတော့မည့်အချိန်တွင် ယခုစုဝေးပွဲကြီးပေါ်ပေါက်လာခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး ဝန်ကြီးချုပ်  ဖြစ်လာသော ဘီဂျေပီပါတီခေါင်းဆောင်မိုဒီသည် လက်ရှိအချိန်အထိ အလွန်လူကြိုက်များနေဆဲဖြစ်ပြီး နောက်ထပ်သက်တမ်း တစ်ခု ထပ်မံထမ်းဆောင်ရန်လည်း ကြိုးပမ်းနေသည်။ သို့သော် မိုဒီအစိုးရသည် အလုပ်လက်မဲ့ကိစ္စ၊ စီးပွားရေးမညီမျှမှု အစရှိသည့် အကြောင်းအရာတို့နှင့်အတူ မြင့်တက်လာသော မကျေနပ်ချက်များနှင့်လည်း ရင်ဆိုင်နေရသည်။  ထို့ပြင် ဘီဂျေပီပါတီသည် ဒီဇင်ဘာလက အရေးပါသော ပြည်နယ်သုံးခုအား ချုပ်ကိုင်နိုင်မှုကို အတိုက်အခံ ကွန်ဂရက်ပါတီထံ လွှဲပေးလိုက်ရသေးသည်။ ကွန်ဂရက်ပါတီ၏ ခေါင်းဆောင် ရာဟူးဂန္ဒီမှာမူ ယခုပွဲသို့ မတက်ခဲ့သော်လည်း  ပါတီကိုယ်စားလှယ်များကို စေလွှတ်ခဲ့သည်။  

 

Most Read

Most Recent