AA လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ပွဲဖော်ဆောင်မှုနဲ့ ကွန်ဖယ်ဒရေးရှင်းမျှော်လင့်ချက် နောက်ကွယ်မှာ ဘာရှိမလဲ

AA လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ပွဲဖော်ဆောင်မှုနဲ့ ကွန်ဖယ်ဒရေးရှင်းမျှော်လင့်ချက် နောက်ကွယ်မှာ ဘာရှိမလဲ
AA အဖွဲ့ မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များဟု ယူဆရသူအချို့ တစ်ဖက်နိုင်ငံရှိ နယ်စပ်ခြံစည်းရိုးအနီးတွင် လှုပ်ရှားနေမှု မြင်ကွင်းဓာတ်ပုံအချို့ Facebook ပေါ်တွင် ပျံ့နှံ့နေမှုကို တွေ့ရစဉ်
AA အဖွဲ့ မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များဟု ယူဆရသူအချို့ တစ်ဖက်နိုင်ငံရှိ နယ်စပ်ခြံစည်းရိုးအနီးတွင် လှုပ်ရှားနေမှု မြင်ကွင်းဓာတ်ပုံအချို့ Facebook ပေါ်တွင် ပျံ့နှံ့နေမှုကို တွေ့ရစဉ်
Published 14 January 2019
လူမော်နိုင်

နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပိုမိုရှေ့တန်း ရောက်လာနေချိန်မှာပဲ AA လက်နက်ကိုင်အဖွဲ့ဟာ ရခိုင့်တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ ရပ်တည်နိုင်ဖို့ တိုက်ပွဲတွေ ဖော်ဆောင်လာခဲ့ပါတယ်။

လူအများစုကို အာရုံစိုက်မှုဖြစ်စေခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ တိုက်ခိုက်မှုကတော့ AA လက်နက်ကိုင်အဖွဲ့အတွက် ကောင်းတဲ့ရလဒ်တစ်ခု မဟုတ်ခဲ့ပါဘူး။ ရဲကင်းစခန်း လေးခုကို တပြိုင်နက် ဝင်တိုက်ခဲ့တာနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာက စစ်ရေးဆောင်ရွက်မှုအသွင် ဆိုတာထက် အကြမ်းဖက်အသွင်ကို ဆောင်လာပြီး တော်လှန်ရေးတစ်ရပ်ရဲ့ တန်ဖိုးကို လျော့ကျစေခဲ့ပါတယ်။ ပိုမိုဆိုးဝါးတဲ့ အချက်ကတော့ တိုက်ခိုက်ခံရတဲ့ ရဲကင်းစခန်းတွေဟာ ဘင်္ဂါလီ အစွန်းရောက်တွေရဲ့ရန်ကို စိုးရိမ်ရတဲ့ ရခိုင်တိုင်းရင်းသား ကျေးရွာတွေအတွက် လုံခြုံရေးယူပေးထားတဲ့ စခန်းတွေ ဖြစ်နေလို့ပါပဲ။

လက်နက်ချ အညံ့မခံပဲ အသေအကြေ ခုခံတိုက်ခိုက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲမှာဆိုရင်လည်း ဗမာအပြင် ရှမ်း၊ ဗမာ၊ ချင်း၊ ကယန်းစတဲ့ တိုင်းရင်းသားတွေ ပါဝင်နေတာက ရခိုင်ပြည်နယ်ကို ဗမာလူမျိုးကြီးဝါဒနဲ့ ကျူးကျော်ထားတယ်ဆိုတဲ့ ဝါဒဖြန့်စွပ်စွဲချက် လက်တွေ့မကျတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ ရဲမှူး စိုင်းဘိုဟန် အစ်ကိုကြီးဖြစ်သူက " အခုဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် လူမျိုးရေး အမြင်ကျဉ်းမြောင်းတဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း AA ဟာ ရိုးသားတဲ့ ရခိုင်တိုင်းရင်းသား ပြည်သူတွေကို စောင့်ရှောက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ဒီလိုလုပ်ရတာဟာ ဆိုရင်တော့ အားလုံးသိနေတဲ့အတိုင်းပဲ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်။ ဒါ အကြမ်းဖက်လုပ်ရပ်လို့ ကျွန်တော်ထင်ပါတယ်။ အားလုံးကလည်း အဲဒိလိုပဲ ယူဆမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုး နောက်မဖြစ်ဖို့အတွက် ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော့် ညီလေးဟာ တပ်ဖွဲ့အတွက် တိုင်းပြည်အတွက် ဒီတိုင်းရင်းသားတွေအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတာ ဖြစ်တဲ့အတွက် ကျွန်တော်က ဝမ်းနည်းသော်လည်းပဲ ဂုဏ်ယူမိပါတယ်" 

AA လက်နက်ကိုင်အဖွဲ့အနေနဲ့ တက်ကြွတဲ့ လူတစ်ချို့ရဲ့ မကျေနပ်ချက်တွေကို ရက္ခိတလမ်းစဉ်အောက်မှာ ပုံဖော်အသက်သွင်းဖို့ ကြိုးစားနေကြတာဟာ တကယ့်ကို ရှုပ်ထွေးနက်နဲစေပြီး ရေရှည်မှာလည်း အင်မတန် အန္တရာယ်ကြီးတဲ့ ကိစ္စရပ်တစ်ခုပါ။  ရက္ခိတလမ်းစဉ်နဲ့ ပတ်သက်ပြီး ရခိုင်လူငယ်တစ်ချို့ တက်ကြွနေပေမယ့် ရှင်းရှင်းလင်းလင်း မသိတာနဲ့ စိတ်မဝင်စားတဲ့ ရခိုင်တွေလည်း အများအပြားရှိနေတာ တွေ့ရပါတယ်။ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကတော့ ရက္ခိတလမ်းစဉ်ကို ရှင်းရှင်းလင်းလင်း သိပုံမရပေမယ့် ကိုယ့်လမ်းစဉ်ကလေးနဲ့ ကိုယ်သွားကြတယ်ဆိုတာကို အသိအမှတ်ပြုဖို့လိုပြီး တစ်ယောက်တစ်ယောက် မကြိုက်တာတို့ ဝေဖန်တာတို့ကတော့ နိုင်ငံရေးယဉ်ကျေးမှုမှာ သိပ်မဖြစ်သင့်ဘူးလို့ မှတ်ချက်ပေးပါတယ်။ ဇန်နဝါရီလ ၁၀ ရက်က ဒေါ်အေးနုစိန်ကို အင်တာဗျူးလုပ်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး အတွေ့အကြုံကြီးမားတဲ့ လူကြီးပိုင်းမှာတော့ စိုးရိမ်စိတ်တွေလည်း ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေ ပိုများလာတာနဲ့ ဘင်္ဂါလီတွေရဲ့ရန်က ပူပူနွေးနွေး ရှိသေးတာရယ်တွေကြောင့် AA လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ပွဲ ဖော်ဆောင်မှုတွေကို မနှစ်မြို့တဲ့ ရခိုင်တိုင်းရင်းသားတွေကိုလည်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ ဘူးသီးတောင်မြို့တို့မှာ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ အရပ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေဆီကို ကျည်တစ်တောင့်စီ ပါဝင်တဲ့ သတိပေးစာများ ပေးပိုခြိမ်းခြောက်တာတွေက AA လက်နက်ကိုင်အဖွဲ့ရဲ့ ဦးတည်ချက်ကို မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီလ ၁ ရက်က ရခိုင်ဝန်ကြီးချုပ် ဦးညီပု ယာဉ်တန်းကို အဝေးထိန်းစနစ်နဲ့ မိုင်း သုံးလုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာ၊ ဒီဇင်ဘာ ၂၄ ရက်က ရခိုင်အမျိုးသားဒီမိုကရေအဖွဲ့ချုပ် တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ဦးခင်သန်းမောင်ကို သူရဲ့နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလက စရဖ တစ်ဦး အနီးကပ် သေနတ်နဲ့ ပစ်သတ်ခံရတာ စတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကလည်း တရားခံတိတိကျကျ မသိရပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတာမို့ ဒေသတွင်း ထောက်ခံမှုဆိုတာထက် ကြောက်ရွံ့မှုကို တိုးပွားစေခဲ့ပါတယ်။ 

ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး ဘူးသီးတောင်မြို့ ဇာတိဖြစ်သူက ဦးမောင်လေး (အမည်လွှဲ) “သူတို့ လမ်းစဉ်တွေ အိပ်မက်တွေကိုတော့ ငါလည်း နားမလည်ဘူး။ လောလောဆယ်တော့ သူတို့တိုက်လို့ ဒုက္ခရောက်သူတွေ ရောက်ကုန်ကြပြီ။ သေသူတွေလည်း သေကုန်ကြပြီ။ သူတို့လည်း သူတို့လမ်းစဉ်ကို မထောက်ခံရင် သတ်မယ် ဆိုတာတွေပဲ။ ဒီလိုသာ တိုက်နေမယ်ဆိုရင် ငါတို့ ဒီတစ်ခါ ဘင်္ဂါလီ  နဲ့ဖြစ်ရင် ဘယ်သူ့အားကိုးရမှာလဲ။ ငါတို့ ရခိုင်ဆိုတာ ဒီမှာ နည်းနည်းလေး၊ ပြီးခဲ့တဲ့ နှစ် ဘင်္ဂါလီ ဖြစ်တုန်းကလည်း AA က ဘယ်ပျောက်နေမှန်း မသိ။ အခု အေးအေးဆေးဆေး ဖြစ်တော့မှ ဖျာဝင်ခင်းတဲ့ ပုံစံဖြစ်နေတော့ မကြိုက်တာရှိတာပေါ့။”

AA လက်နက်ကိုင်အဖွဲ့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး သံသယရှိနေတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ AA လက်နက်ကိုင်အဖွဲ့နဲ့ အာဆာအဖွဲ့တို့ရဲ့ ဆက်နွယ်မှုအပေါ်မှာ ခန့်မှန်းသုံးသပ်ကြတာလည်း ရှိပါတယ်။ အခုရက်ပိုင်း လူမှုကွန်ယက်မှာ Facebook စာမျက်နှာမှာ Saw Mon Awng အကောင်ကနေ ပျံံ့နှံလာတဲ့ ဓာတ်ပုံတွေ အချက်အလက်တွေအရ ဘင်္ဂါလီ အစွန်းရောက်တွေနဲ့ AA လက်နက်ကိုင်အဖွဲ့ဟာ ဆက်နွယ် ပတ်သက်မှု သေချာပေါက်ရှိနေတယ် ဆိုတာကို သုံးသပ်ကြသူတွေလည်း ရှိပါတယ်။ လူမှုကွန်ရက် စာမျက်နှာမှာ တခုတ်တရ ထပ်ဆင့် ဖြန့်ဝေနေကြတာလည်း ရှိပါတယ်။ Saw Mon Awng အကောင်မှာ ရေးသားထားချက်အရ “AA စခန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီးယား (အိုခီးယား) ခရိုင် ဆန်ခိုးချောင်း (ဆန်ခူးချောင်း) ဘေးမှာ ရှိတယ်၊ မြန်မာ ရဲ့ BP 50 51 ကနေ့ 67 ဒေသ ဖြစ်တယ်၊ အဲ့ဒေသကို မော်ဒုတ်တောင်ကြောလို့ ခေါ်တယ်၊ AA ကုန်းကြီးတစ်ခုနဲ့ ကုန်းငယ် နှစ်ခု ရှိတယ်။ ဘေးမှာ ARSA စခန်းတစ်ခု RSO စခန်း တစ်ခုရှိပြီးတော့ AA စခန်းမှာ သေနတ်ပစ်ကွင်း ရှိတယ်၊ AA တပ်သား ၄၀၀ ရှိပြီး ARSA က ၃၀၀ ၊ RSO က ၁၂၀ ရှိတယ်၊ ၉ လပိုင်းက AA က ARSA ကို သေနတ်ပေးပစ်ထားတဲ့ ဓာတ်ပုံ တင်ပေးမယ်၊ အူခီးယားခရိုင်မှာ ဘင်္ဂါလီနဲ့ ကမန် အနေများတယ်၊ အားလုံး မူစလင်တွေဘဲ။ ရဲခရိုင်မှူးက မာတာဟာရှန်ဖြစ်ပီး AA က သေနတ်ကိုင်ခွင့် တစ်လက်ကို ၃၀၀ တာကာပေးရတယ်။ ပိုက်ဆံပေးမှ ကိုင်ရတယ်။ နောက်ပြီးရင် ရပ်ဆိုတဲ့ RAB အဖွဲ့ နဲ့ EBR ၁၈ က ကုလားအရာရှိကိုလည်း ကြောက်ရပါတယ်၊ အဲ့စခန်းကို ဒုဗိုလ်မှူးကြီး လင်းသစ်က အုပ်ချုပ်တယ်၊ AA အနောက်ဖက်ဒေသလို့ ခေါ်တယ်၊ မြန်မာနိုင်ငံ ဘူးသီတောင်က နဟုန်ရွာသားတွေ အူခီးယားကို ဈေးလာဝယ်ရင် ပိုက်ဆံပေးရတဲ့ လှေဆိပ်ဟာ အူခီးယား (အိုခီးယား) ရဲပိုင်စခန်းဘဲ....” အစရှိတဲ့ ရေးသားချက်တွေအပြင် လက်နက်ကိုင်အဖွဲ့ ဓာတ်ပုံတွေနဲ့ နယ်စပ်ခြံစည်းရိုးကို ဝါးခင်းပြီး ကျော်တက်နေပုံတွေ၊ နယ်စပ်ခြံစည်းရိုးအနီး ကင်းစောင့်နေပုံတွေအပြင် မြေပုံအညွန်းတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။ မြေပြင်အနေအထားကို မေးမြန်းကြည့်တဲ့ အခါမှာလည်း အဲဒိပိုစ့်မှာ တင်ထားတဲ့ အချက်အလက်တွေက အတော်များများ မှန်နေတယ်လို့ သေနင်္ဂအင်စတီကျူမှ ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက သုံးသပ်ပါတယ်။

သေနင်္ဂအင်စတီကျူမှ ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက “ပြီးခဲ့တဲ့ ရက်ပိုင်းက Facebook မှာ တက်လာတဲ့ ပုံတွေကို လေ့လာကြည့်ခြင်းအားဖြင့် သူရဲ့မြေပုံအညွန်းတွေ ပေါ်နေတာကို ကြည့်ခြင်းအားဖြင့်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်နေတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ နောက်တစ်ချက်က ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဓါတ်ပုံထဲမှာ ကြည့်လိုက်တဲ့အခါ AA ရဲဘော်တွေက ကျွန်တော်တို့ နယ်စပ်ခြံစည်းရိုးကို ကျော်တက်နေတဲ့ အနေအထားမျိုး တွေ့ရပါတယ်။ ပြောနိုင်တာကတော့ တစ်ဖက်နိုင်ငံဘက်ကနေ ကျွန်တော်တို့နိုင်ငံဘက်ကို ဝင်ထွက်သွားလာနေတဲ့ အနေအထားမျိုးတွေ တွေ့ရပါတယ်။ မြေပြင်အနေအထားကို ကျွန်တော်တို့ မေးမြန်းကြည့်တဲ့ အခါမှာလည်း အဲ့ဒီပို့စ်မှာ တင်ထားတဲ့ အချက်အလက်တွေက အတော်များများ မှန်နေပါတယ်။ ကျွန်တော်တို့ မြင်တာကတော့ AA ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီးပဲ ရဲကင်းစခန်း လေးခုကို တိုက်ခိုက်ခဲ့တယ်။ စိမ့်ဝင်လာတဲ့ သတင်းတော့ ရတယ်။ ဘယ်လို စိမ့်ဝင်လာတယ်ဆိုတဲ့ အသေးစိပ်တော့ မသိနိုင်ဘူး ဟိုအရပ်သားပုံစံနဲ့ ဝင်တာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ မြင်ရတာက စခန်းတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိဖို့ သေချာသလောက် ရှိတယ်။”

ဇန်နဝါရီလ ၇ ရက်က သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက AA လက်နက်ကိုင်အဖွဲ့ဟာ ARSA အကြမ်းဖက်အဖွဲ့နဲ့ ညှိနှိုင်းပြီး ရခိုင်ပြည်နယ်အတွင်းမှာ လှုပ်ရှားတိုက်ခိုက်နေတာဖြစ်ပြီး အကျိုးတူ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေလည်း ရှိနေတယ်လို့ ဆိုထားပါတယ်။ AA လက်နက်ကိုင်အဖွဲ့နဲ့ ARSA စခန်းတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရှိတယ်လို့လည်း ဦးဇော်ဌေးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။ 

အဲ့ဒီပြောကြားချက်အပေါ်မှာ အခြေအမြစ်မရှိပဲ လုပ်ကြံဖန်တီးပြီး စွပ်စွဲပြောဆိုချက်သာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာ ရှိပါတယ်။ ဒီလို သမ္မရုံးပြောရေးဆိုခွင့်ရှိသူရဲ့ စွပ်စွဲပြောကြားချက်နဲ့ ပတ်သက်ပြီး အစိုးရအဆင့် တရားဝင် ကန့်ကွက်တာတော့ မတွေ့ရသေးပါဘူး။ 

တကယ်တမ်း  AA လက်နက်ကိုင်အဖွဲ့ရဲ့ နှစ်အနည်းငယ်အတွင်း ကြီးထွားလာမှုဟာလည်း ဘက်ပေါင်းစုံက စဉ်းစားရမယ့်အချက်တွေ ရှိလာပါတယ်။ AA အဖွဲ့ရဲ့ လက်နက်နဲ့ ငွေကြေးသုံးစွဲနိုင်မှု ဓနအင်အားဟာ အခြားတိုင်းရင်းသား တပ်ဖွဲ့တွေမှာ တွေ့ရခဲတဲ့ အနေအထားလို့ လေ့လာသူတွေက ဆိုပါတယ်။ အချိန်တိုအတွင်း တန်ဖိုးမြင့် အရည်အသွေးကောင်းတဲ့ လက်နက်တွေ ပိုင်ဆိုင်ထားသလို တပ်ဖွဲ့ဝင်တွေကို  ထောက်ပံ့ပေးမှုတွေကလည်း  ကောင်းလှတယ်လို့ ဆိုကြပါတယ်။ သူတို့လမ်းစဉ်အတွက် တိုက်ပွဲဝင်နေသူတွေကို ယူနီဖောင်း စားနပ်ရိက္ခာ ငွေကြေးနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို ထောက်ပံ့မှုတစ်ချို့ ရှိတယ်လို့ ဆိုကြပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်း လေ့လာကြည့်ရာမှာတော့ တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ AA ကို ထောက်ခံသူ အင်မတန်နည်းပါတယ်။ အဲ့ဒီဒေသမှာ ဘင်္ဂါလီ၊ မြိုလူမျိုး နဲ့ ခမီးလူမျိုးတွေက အများစုပါ။ AA လက်နက်ကိုင်အဖွဲ့ စစ်ကြောင်းချီမှုကို တပ်မတော်ရဲ့ လှုပ်ရှားစစ်ကြောင်းနဲ့ မှားယွင်းကြတာလည်း ရှိနေတယ်လို့ ကျောင်းတောင်ရဲကင်းစခန်းအနီးမှာ နေထိုင်တဲ့ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။  

ဇန်နဝါရီလ ၄ ရက် မတိုင်ခင်မှာ AA တပ်ဖွဲ့ဟာ ကျောင်းတောင် ရဲကင်းစခန်းအနီးက တင်းမေအုပ်စု ကွဲျရိုင်းရွာကို ဝင်ရောက်ခဲ့ပါတယ်။ ရွာကို ဝင်ဝင်ချင်း လက်ကိုင်ဖုန်းလို ဆက်သွယ်ရေးပစ္စည်းတွေကို သိမ်းပါတယ်။  ရွာသားတွေကို တစ်စုတစ်ဝေးထဲ ထားပြီး အပြင်ပေးမထွက်တော့ပဲ ရွာထဲက ရိက္ခာတွေကို ယူဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီရိက္ခာအတွက် ငွေကြေးတစ်ချို့လည်း ပြန်ပေးခဲ့တာ ကြားတယ်လို့ တင်းမေအုပ်စုမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ သူတို့အဖွဲ့မှာ ငွေကြေးပြည်စုံပုံရပြီး လက်နက်ကောင်းတွေကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

တင်းမေအုပ်စု ဒေသခံတစ်ဦးက  “ AA တွေက ၂ ရက် ည ၆ နာရီလောက်က သူတို့ ဝင်လာတယ်။ ဝင်လာပြီးတော့ သူတို့က စားသောက်ပြီးတော့ နေတယ်။ ည ၁၂ နာရီကျော်မှာ သူတို့ ပြန်ထွက်သွားတယ်။  ၄ ရက်မှာ သူတို့အဖွဲ့တွေ ရွာကို ပြန်ဝင်လာပြီး ရိက္ခာတွေ ယူတယ်။ ဆန်တွေလေ၊ ဆန်တွေ ယူပြီးတော့  ရွာသားတွေက တစ်ချို့တွေက ထွက်ပြေးကြတာ ရှိပါတယ်။ AA တွေက လိုက်မဖမ်းပါဘူး၊ ရွာသားတွေကို အပြင်ကို လုံးဝမထွက်နဲ့၊ ကိုယ့်အိမ်ကိုယ် နေကြလို့ ပြောပါတယ်၊ ရိက္ခာအတွက် တစ်ချို့တွေတော့ ပိုက်ဆံရလိုက်တယ်လို့ ကြားပါတယ်၊ သူတို့က ဖုန်းတွေကို သိမ်းထားတော့ ကျွန်တော်တို့က စစ်တပ်ကို အကြောင်းကြားလို့ မရဘူး။ စစပိုင်းက ကျွန်တော်တို့က အစိုးရ စစ်ကြောင်းအဖွဲ့တွေလို့ ထင်တာ သူတို့က ဖုန်းတွေဘာတွေ အကုန်သိမ်းထားတာ ကျွန်တော်တို့က မသိသေးဘူး။ ကျွန်တောတို့ရွာနဲ့ ကျောင်းတော်က ခြေလျင်ဆိုရင် ၄၅ မိနစ်လောက် ကြာပါတယ်။ ကျောင်းတော်မှာ ရဲကင်းစခန်း ရှိတယ်။ စစ်တပ်က သတင်းရလို့ လာပစ်တဲ့အချိန်မှာ သူတို့ ညနေ ၄ နာရီလောက် ပြန်ထွက်သွားတယ်။ ရွာသား တစ်ယောက်တော့ လက်နက်ကျည် ထိတယ်”  လို့ပြောကြားသည်။

အဆိုပါ ဒေသခံကို ဇန်နဝါရီလ ၁၂ ရက်မှာ ပြန်လည် ဆက်သွယ်မေးမြန်းတဲ့အခါ AA အဖွဲ့က ထောင်ထားခဲ့တဲ့ မိုင်းတွေ ရှိနိုင်တာကြောင့် သူတို့အနေနဲ့ ရွာထဲကနေ ရွာပြင်ထွက်လို့မရပဲ ဖြစ်နေတယ်လို့ပြောပါတယ်။ AA လက်နက်ကိုင်အဖွဲ့က ကျောင်းတော် ရဲကင်းစခန်းကို တိုက်ခိုက်ပြီးနောက် ရွာအတွင်း ဝင်ရောက်လာရာမှာ စစ်တပ်တွေ မလိုက်နိုင်အောင် ရွာအပြင်မှာ မိုင်းထောင်ခဲ့တဲ့သဘော ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ အနေအထားအရ ရွာမှာ စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေပြီး စပါးတွေကို ထောင်းစားနေကြတယ်လို့ ပြောပါတယ်။ စစ်ကြောင်းအဖွဲ့တွေက မိုင်းလာရောက် ရှင်းလင်းပေးမယ်ဆိုပြီး ပြောထားပေမယ့် ရောက်မလာနိုင်သေးပဲ ဖြစ်နေတာကြောင့် သူတို့ လယ်ယာလုပ်ငန်းခွင်ကို ပြန်မဝင်နိုင်ကြသေးဘူး ဆိုပါတယ်။  

ဖွံ့ဖြိုးမှုအားနည်းပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေ ပျောက်ကုန်တာက AA လက်နက်ကိုင်အဖွဲ့အတွက် ခွန်အားဖြစ်စေတယ်၊ စစ်တွေမြို့ခံ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။ လူငယ်တွေက အနာဂတ်ပျောက်ကုန်တော့ စစ်သွေးကြွကုန်ကြတာဖြစ်ပြီး လူငယ်တွေရဲ့ အနာဂတ်အတွက် လမ်းဖွင့်ပေးနိုင်ရင်တော့ AA လက်နက်ကိုင်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ၊ ရည်ရွယ်ချက်တွေက လက်တွေ့ မကျဘူးဆိုတာ ပိုပြီး ပေါ်လွင်နားလည်လာလိမ့်မယ်လို့ အဆိုပါ လုပ်ငန်းရှင်က သုံးသပ်ပါတယ်။ 

ရခိုင်ပြည် လွတ်မြောက်ရေးပါတီက ဒေါ်စောမြရာဇာလင်းကလည်း လက်နက်စွဲကိုင် တော်လှန်တဲ့ လမ်းစဉ်နဲ့ ပတ်သက်ပြီး သဘောကျပုံ မရပါဘူး။ သူဟာ ၈ လေးလုံး အရေးတော်ပုံနောက်ပိုင်းမှာ လက်နက်စွဲကိုင် တော်လှန်ခြင်းနဲ့ပဲ အဆုံးအဖြတ် ပေးနိုင်မယ်လို့ ခံယူခဲ့သူပါ။ ဒါပေမယ့် လက်ရှိ တိုက်ပွဲတွေအပေါ်မှာ ရခိုင်ပြည် အနာဂတ်အရေးအတွက် စိုးရိမ်နေပြီး သက်ဆိုင်သူအားလုံးက ငြိမ်းချမ်းစေဖို့အတွက် ဘယ်လိုစဉ်းစားမလဲ ဆိုတာကိုပဲ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ 

 “သာမာန် အရပ်သားတွေအနေနဲ့ ဟိုတစ်နည်းအားဖြင့်ဆိုရင် အသက်၂၀ ကျော် ၃၀ ကြားအရွယ်တွေရဲ့ စဉ်းစားချက်တွေ ဆိုလို့ရှိရင် စစ်ပွဲဖြစ်လာကြတာကို အရမ်းပျော်ကြမယ် မြတ်နိုးကြမှာပေါ့၊ အဲဒါက တက်ကြွတဲ့ လူငယ်တွေရဲ့ အပိုင်းဖြစ်တယ်။ ကိုယ်တို့ကလည်း ငယ်ငယ်တုန်းက ဆိုလို့ရှိရင်၊ ၈၈ ရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် စစ်နဲ့ပဲ အဆုံးအဖြတ်ပေးမယ်လို့ ခံယူခဲ့တဲ့လူထဲမှာ ပါခဲ့တာပေါ့။ ဒါပေမယ့် စစ်ပွဲတွေ အများကြီးထဲမှာ သွားကျင်လည်ခဲ့ဖူးတယ်လေ။ ပြီးလို့ရှိရင် တော်လှန်ရေး ကြမ်းတမ်းလှတဲ့ ခရီးကြမ်းတွေထဲမှာ ကိုယ်က နှစ်ရှည်လများ ကျင်လည်ခဲ့တယ်။ အဲလိုမျိုး ကျင်လည်လာတဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာတဲ့အခါမှာ ဒီစစ်ရဲ့ အနိဌာရုံတွေကို မလိုချင်တော့ဘူး စစ်ဆိုတဲ့ အနေအထားကို မလိုချင်တော့ဘူး၊ ဘယ်သူပဲသေသေ သေတဲ့သူကို ကျလို့ရှိရင် လူသားသေတယ်လို့ပဲ ကျွန်မ မြင်တယ်လေ။ အဲဒါကြောင့် ဘယ်လူမျိုးပဲသေသေ  သေတဲ့ အဲဒါလူသားတွေ သေနေကြတာပဲ လူဆိုတာ လူဖြစ်လာတာ ကိုယ့်ရဲ့အသက်ကို ဘယ်သူမဆို ချစ်ကြတယ်။ ဟိုစစ်သွေးစစ်မာန် ရှိနေတဲ့အချိန်က ဟာသေရင်သေပစေ စသည်အားဖြင့် ဖြစ်တတ်တာပေါ့။ ငါရဲ့ ရည်မှန်းချက်ရရင်ဖြစ်ပြီ ဆိုတာ ဖြစ်တတ်တယ်။ ဒါပေမယ့် ဗုဒ္ဓတရားတော်အရ ကြည့်မယ်ဆိုရင်လည်း လူဘဝကို ရခဲတယ်ပေါ့နော်။ ပြီးလို့ရှိရင် ရေပွက်ပမာ လူ့ဘဝဟာ ရေပွက်ပမာ ဆိုတာလေး ရှိတယ်၊ အဲလောက်ထိ တိုတောင်းလှတဲ့ လူ့ဘဝသက်တမ်းမှာ လူသားတိုင်းကို ကံတရားစီမံရာအတိုင်း အသက်ရှည်စေချင်တာပေါ့ ။ အေးအေးဆေးဆေး အသက်ရှင်စေချင်တယ်။ အဲဒိဆန္ဒ ကိုယ့်မှာရှိတယ်။ အဲဒါကြောင့်မို့ စစ်ကို ကျွန်မ မဖြစ်စေချင်ဘူး။ သက်ဆိုင်သူတွေ အားလုံးကို ကျွန်မ မေတ္တာရပ်ခံတာ ရှိပါတယ်။ သက်ဆိုင်သူတွေ အားလုံးဟာ ဒီစစ်ကို ငြိမ်းချမ်းစေဖို့အတွက် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတာကိုပဲ စဉ်းစားကြဖို့ လိုအပ်တယ်ဆိုတာကိုပဲ ပြောချင်ပါတယ်။”

ဒေါ်စောမြရာဇာလင်းလိုပဲ စစ်ပွဲတွေ ရပ်တန့်နိုင်ဖို့ သဘောထားရှိသူတွေ အများအပြား ရှိနေတာကို တွေ့ရပါတယ်။  အများစုက တိုင်းပြည်ရဲ့ အခြေအနေဟာ တစ်စုံတစ်ရာ ပြောင်းလဲလာပြီး လက်နက်ကိုင် တိုက်ပွဲဖော်ဆောင်ခြင်းနဲ့ အဖြေမရနိုင်ဘူး ဆိုတာကို နားလည်လာကြပြီ ဖြစ်ပါတယ်။ ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲအကြိမ်ကြိမ် ဖြစ်ပွားခဲ့တာကြောင့် အယူအဆအမျိုးမျိုး၊ ဝါဒခေါင်းစဉ် အမျိုးမျိုးအောက်မှာ ပြည်သူတွေဟာ မြေဇာပင် ဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် စားပွဲဝိုင်းမှာ အချင်းချင်းညှိနှိုင်း အဖြေရှာကြဖို့ စားပွဲဝိုင်းပေါ်မှာ အနိုင်ရဖို့ အပြိုင်အဆိုင် အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာနေကြချိန်ကာလမှာ လက်ကိုင်စွဲကိုင် တော်လှန်ပြီး ရခိုင့်ကံကြမ္မာ ရခိုင်ဖန်တီးခွင့်ရဖို့ ဆိုတဲ့ အယူအဆဟာ ရခိုင်ပြည်နဲ့ ရခိုင်တိုင်းရင်းသားတို့ရဲ့ အကျိုးစီးပွားဆိုတာထက် နောက်ကွယ်က ကြိုးကိုင်သူတွေရဲ့ အတ္တနဲ့အကျိုးစီးပွားက ပိုများနေမလားဆိုတာ စဉ်းစားစရာပါ။ 

ရခိုင်ပြည်နယ်ဟာ မဟာဗျူဟာအရ အရေးပါပြီး အထင်အရှားအနေနဲ့ တရုတ်ရဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ကုလားတန်မြစ်ဝှမ်း စီမံကိန်းတွေ ရှိနေပါတယ်။ ဒါ့ကြောင့် အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုနဲ့ အချင်းချင်း ခြေထိုးခံမှုတွေအကြားမှာ ရခိုင်ပြည် လုံးပါးမပါးဖို့၊ အသုံးချခံရတဲ့ လက်နက်ကိုင်အဖွဲ့ မဖြစ်ဖို့ သတိထားရမယ့် အခြေအနေပါ။ 

AA ရဲ့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၈ ခုနှစ်အတွင်းမှာ ချင်းပြည်နယ် ပလက်ဝဘက်မှာ ဖြစ်ပွားမှု များပြားခဲ့ပြီး ချင်းပြည်သူတွေ အထိနာခဲ့ပါတယ်။ ဒါဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ စီမံကိန်းဖြစ်တဲ့ ကုလားတန်စီမံကိန်း လမ်းကြောင်းပေါ်မှာပါ။ ဒါ့ကြောင့် AA လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ပွဲဖော်ဆောင်မှုတွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို စဉ်းစားရမယ့်အပိုင်း ဖြစ်လာပါတယ်။  AA ကို စတင်ဖွဲ့စည်းခဲ့တာက ကချင်လက်နက်ကိုင် အဖွဲ့အစည်း KIA ထိန်းချုပ်နယ်မြေမှာဖြစ်ပြီး လိုင်ဇာမှာ အခြေစိုက်စခန်း ရှိနေတာ ဖြစ်ပါတယ်။ ဒါအပြင် တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိနေတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ လေးဖွဲ့မှာလည်း AA က အဖွဲ့ဝင် တစ်ဖွဲ့ဖြစ်နေပါတယ်။  

AA လက်နက်ကိုင်အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ အဆိုအရ သူတို့ရဲ့ တိုက်ပွဲဖော်ဆောင်မှုတွေဟာ ကိုယ့်ကံကြမ္မာကို သူများ ဆုံးဖြတ်ခံရတဲ့ဘဝက လွတ်မြောက်ဖို့အတွက်ဖြစ်ပြီး ကွန်ဖယ်ဒရိတ်အဆင့်ကို လိုချင်တယ် ဆိုတာဟာလည်း စဉ်းစားရမယ့် အကြောင်းတရားတွေ ရှိပါတယ်။ 

ဧရာဝတီ သတင်းဌာနနဲ့အင်တာဗျူးမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကျွန်တော်တို့ တကယ်ပြောမယ်ဆိုရင် သူများရဲ့ ဆုံးဖြတ်မှုကို မလိုလားဘူး။ Confederate ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိတယ်။ ဒါပေမယ့် အတူတကွ ဘုံကာကွယ်ရေး စနစ်တွေတော့ ရှိမှာပေါ့။ ဒီခေတ်မှာတော့ ဈေးကွက်စနစ်တွေ အစစအရာရာ နိုင်ငံခြားရေးတွေမှာ ပူးပေါင်းဆောင်ရွက်မယ် ကျန်တဲ့ကိုယ့်ရဲ့ ကံတရားနဲ့ ကိုယ်စီမံပိုင်ခွင့် ဆိုတာကတော့ လူမျိုးတိုင်းရဲ့ ဆန္ဒမျှော်မှန်ချက်ပေါ့ အဆင်ပြေအောင် ကျွန်တော်တို့ ကြိုးစားလို့ ရပါတယ်”

တကယ်တမ်း ပြောရရင် မြန်မာနိုင်ငံမှာ  ဖက်ဒရယ်စနစ်ကို သွားဖို့ လက်ခံလာတဲ့ အခြေအနေဟာ သိပ်ရင့်ကျက်သေးတဲ့ အနေအထားမှာ မရှိပါဘူး။ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကြောင့်ပဲ ပိုမိုစိတ်ဝမ်းကွဲကြ စစ်ဖြစ်ကြနဲ့ ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်ခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ အခု Confederate ဆိုတာကတော့ ဖက်ဒရယ်ထက် ပိုမို မြင့်တက်ပြီး တောင်းဆိုချက်၊ လိုလားချက် ဖြစ်ပါတယ်။ အဓိက ကွာခြားချက်ဟာ ကွန်ဖယ်ဒရေးရှင်းမှာ အချုပ်အခြာအာဏာ Sovereign Power ကို ဗဟိုမှာ အပ်နှင်းမျှဝေတာ မရှိပဲ သီးခြားဆန်ဆန် ဆုပ်ကိုင်ထားကြတဲ့စနစ် လျော့ရဲရဲဖြင့် ဖွဲ့စည်းထားတဲ့သဘော သက်ရောက်ပါတယ်။ တနည်းပြောရရင် အချုပ်အခြာအာဏာကို အပြည့်အ၀ ကျင့်သုံးနိုင်တဲ့ နိုင်ငံတွေအချင်းချင်း ဖွဲ့စည်းထားတဲ့ သဘောပါပဲ။ အဲဒိကနေမှ နိုင်ငံအချင်းချင်း အကျိုးတူ ပူးပေါင်းပြီး ကာကွယ်ရေး နိုင်ငံခြားရေး စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ကိစ္စတစ်ခုခုအတွက် စာချုပ်ဆိုပြီး ပြဿနာအရေးကိစ္စတွေကို စုပေါင်းဖြေရှင်း ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေး ကြေငြာပြီးချိန်က ကွန်ဖယ်ဒရယ်နဲ့ စတင်လာခဲ့တာ ဖြစ်ပါတယ်။ ဂျောဝါရှင်တန်ရဲ့ ဦးဆောင်မှုနဲ့ နောက်ပိုင်းမှာ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာခဲ့တာပါ။ 

ဒေါက်တာနိုင်ဆွေဦးက “ကွန်ဖယ်ဒရိတ် ဆိုတာကတော့ ထွန်းမြတ်နိုင် အင်တာဗျူးမှာ သူပထမဆုံး စပြောလာတဲ့ စကားလုံး ဖြစ်ပါတယ်။ ဒါကို လေ့လာကြည့်တဲ့အခါ ကွန်ဖယ်ဒရိတ် ဆိုတာကတော့ ကျွန်တော်တို့က ဒီအချုပ်အခြာအာဏာပိုင် နိုင်ငံတွေပေါ့လေ။ ဒါတွေကို သူတို့က ရည်မှန်းချက် တစ်ခုအတွက်ဖြစ်စေ သီးခြားလွတ်လပ်တဲ့ နိုင်ငံတွေ စုပေါင်းပြီးတော့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် တစ်ချိန်က ၁၈၆၁ ပေါ့လေ၊ အဲ့ဒီကာလမှာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်တွေကနေပြီး Confederate states of America ဆိုပြီး ခွဲထွက်သွားခဲ့တာ ရှိပါတယ်။ ဒါကလည်း ၁၈၆၁ ကနေ ၁၈၆၅ လောက်အထိပဲ ခံတယ်။ အဓိက အကြောင်းအရင်းကတော့ ငွေဝယ်ကျွန်တွေ ကန့်သတ်တဲ့ ပြဿနာကစပြီး ခွဲထွက်သွားတဲ့ ပုံစံမျိုးပါ။ အခု ကွန်ဖယ်ဒရိတ်ကို ပြောပြီဆိုကလည်းက သီးခြားလွတ်လပ်တဲ့ နိုင်ငံထူထောင်ဖို့ဆိုပြီး သုံးသပ်လို့ ရတယ်ပေါ့။ နောက်တစ်ချက်က ရခိုင်ဒေသမှာလည်း Arakan Dream 2020 ဆိုပြီး ထွက်နေတာ ရှိတယ်။ ဒါက တမင်ဝါဒဖြန့်နေတဲ့ ပုံစံမျိုး ရှိတယ်။ သူတို့ အချိန်ကိုက်လုပ်လား ဆိုတာ ဒါသုံးသပ်စရာ စိုးရိမ်စရာ တစ်ချက်လို့ မြင်ပါတယ်။ Arakan Dream 2020 ဆိုပြီး ထွက်လာတယ်၊ ထွန်းမြတ်နိုင် ကိုယ်တိုင်ကလည်း ကွန်ဖယ်ဒရိတ် ဆိုပြီးပြောလာတယ်။ ဒါပြည်ထောင်စုအတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ မြင်ပါတယ်။ နောက်တစ်ချက် ထပ်ပြောရရင် လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ထွန်းမြတ်နိုင်ရဲ့ ယောက္ခမဖြစ်နေတဲ့ အနေအထားမျိုး ဒါကို သုံးသပ်ကြည့်ခြင်းအားဖြင့် ဒါက တစ်ချိန်မှာ ခွဲထွက်မလားဆိုတဲ့ အနေအထားမျိုး စိုးရိမ်စရာ ဖြစ်သွားတယ်။ အင်တာဗျူးထဲမှာတော့ ထွန်းမြတ်နိုင် ပြောတာ ခွဲထွက်ဖို့ မရည်ရွယ်ပါဘူး ဆိုပေမယ့်လည်း ကွန်ဖယ်ဒရိတ်လို့ ပြောလာတဲ့ အနေအထားအရ ပြည်ထောင်စုက ခွဲထွက်မယ့် အနေအထားမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်မိပါတယ်။ 

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ဦးစံကျော်လှဟာ ပုဏ္ဏားကျွန်းမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး AA လက်နက်ကိုင်အဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ယောက္ခမတော်စပ်သူ ဖြစ်ပါတယ်။ 

မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေအကြားမှာတော့ ကွန်ဖယ်ဒရိတ် ဆိုတာထက် ဖက်ဒရယ်ကို ပိုပြီး အလေးထား ဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။ ဖက်ဒရယ်စနစ်ဟာ ပြည်နယ်အစိုးရတွေနဲ့ ပြည်ထောင်စုဗဟိုအစိုးရတို့အကြားမှာ ကဏ္ဍတွေ ခွဲခြားသတ်မှတ်ပြီး အာဏာကို ခွဲဝေကျင့်သုံးတဲ့ ပုံစံဖြစ်ပါတယ်။ လွတ်လပ်ခွင့်ရှိတဲ့ ပြည်နယ်တွေ စုပေါင်းပြီး ပြည်ထောင်စုအဖြစ် ဖွဲ့စည်းထားတဲ့ စနစ်ပါ။ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကို ဗဟိုအဆင့်ဖြစ်တဲ့ ပြည်ထောင်စုအစိုးရမှာ လုပ်ပိုင်ခွင့် ရှိနေတာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ အဖွဲ့ဝင် ပြည်နယ်တွေကို အခြေခံပြီး ဗဟိုပြုထားတဲ့ နိုင်ငံရေး အယူအဆတစ်ခုဖြစ်ပြီး ဗဟိုနဲ့ ပြည်နယ်တွေအကြား၊ ပြည်နယ်တစ်ခုချင်းအလိုက် လုပ်ပိုင်ခွင့်အာဏာတို့ကို ပိုင်းခြား သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 

လတ်တလောကာလ AA လက်နက်ကိုင်အဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ကွန်ဖယ်ဒရိတ် သဘောထားအပေါ်မှာတော့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီက ဒေါ်စောမြရာဇာလင်းက လူတိုင်း ကိုယ်ပိုင်ဆန္ဒတွေ ရှိကြပြီး ကိုယ့်ရဲ့အမြင် သူရဲ့အမြင်ပေါ်မှာတော့ မှားတယ် မှန်တယ်လို့တော့ မပြောလိုဘူးလို့ ဆိုပါတယ်။ 

ဒေါ်စောမြရာဇာလင်းက “ကျွန်မပြောနိုင်တဲ့ စကားတစ်ခုကတော့ ကျွန်မတို့က ဒီနေ့ခေတ် အနေအထားပေါ်မှာ မူတည်ပြီးတော့မှပဲ ကျွန်မတို့က တဆင့်ဆီ တဆင့်ဆီ သွားသင့်သေးတယ်။ အဲဒိလိုပုံစံမျိုးပဲ ကျွန်မပြောချင်သေးတယ်။ လူတိုင်းကတော့ ကိုယ်ပိုင်ဆန္ဒတွေ ရှိတတ်တာပဲလေ။ ကိုယ့်ရဲ့အမြင် သူ့ရဲ့အမြင်ဆိုတာကိုတော့ မှားတယ် မှန်တယ်လို့တော့ ကျွန်မ မပြောဘူး၊ ဥပမာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကွန်ဖယ်ဒရေးရှင်း ဆိုလို့ရှိရင် သူ့ရဲ့ဆန္ဒ အဲဒါ သူရဲ့သဘောထား ဖြစ်တယ်။ တဖက်မှာလည်း အခြားတစ်ယောက်က အခြားစဉ်းစားချက်တစ်မျိုး ဖြစ်တတ်တာပေါ့နော်။ ဒိထက်မြင့်တဲ့ စဉ်းစားချက်ရှိရင်လည်း ရှိနိုင်တယ်၊ ဒီ့ထက်နိမ့်တဲ့ စဉ်းစားချက်ရှိရင်လည်းရှိ နိုင်တယ်ပေါ့ ဒါကတော့ ကိုယ်ပိုင်တွေးခေါ်ပိုင်ခွင့်ကတော့ ရှိတာပဲ၊ လူတိုင်းမှာ ဒါပေမယ့် ဖြစ်ပေါ်ပြောင်းလဲမှုကတော့ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရဖို့ အချိန်လိုပါသေးတယ်”

မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့ ခေတ်အဆက်ဆက် ကြိုးစားခဲ့ပေမယ့် ယနေ့အချိန်ထိ အပြည့်အ၀ အောင်မြင်မှု မရသေးပါဘူး။ ဒေါ်စောမြရာဇာလင်းကတော့ NCA လမ်းကြောင်းကပဲ သွားရမယ် ဆိုတာကို ပြတ်ပြတ်သားသား စဉ်းစားထားပြီးသားလို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်ကစပြီး စားပွဲဝိုင်းမှာ စကားပြောရင်းနဲ့ပဲ NCA စာချုပ်ဆိုတာ ဖြစ်လာတယ်။ NCA စာချုပ်ဆိုတာ မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးတဲ့ အရာဖြစ်ပြီး အခုရလာတဲ့အပေါ်မှာ လိုအပ်ရင် Review လုပ်ရမယ်လို့ ပြောပါတယ်။ 

 

Most Read

Most Recent