ငြိမ်းချမ်းရေးပြဿနာနှင့် မူးယစ်ဆေးသံသရာ

ငြိမ်းချမ်းရေးပြဿနာနှင့် မူးယစ်ဆေးသံသရာ
၂၀၁၈ ခုနှစ်က ပြုလုပ်သည့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ ဖျက်ဆီးသည့် အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
၂၀၁၈ ခုနှစ်က ပြုလုပ်သည့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ ဖျက်ဆီးသည့် အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 13 January 2019
ရှိုင်းလင်းအောင်

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ်အတွင်း တရားမဝင် ဘိန်းစိုက်ပျိုးမှုများ တိုင်းတာခဲ့မှုအပေါ် အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်မြို့ မူးယစ်ပြတိုက်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အဖွဲ့အစည်းနှစ်ခု ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ တရားမဝင် ဘိန်းစိုက်ပျိုးမှုများကို တိုင်းတာကာ အစီရင်ခံစာ ထုတ်ပြန်ခြင်းကို၂၀၀၁ ခုနှစ်က စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေး (United Nation Office on Drugs and Crime) သည် သြစတြေးလျနိုင်ငံ ဗီယင်နာမြို့တွင် အခြေစိုက်ပြီး မူးယစ်ဆေးဝါးများ ထိန်းချုပ်ရန်နှင့် အမှုအခင်းများ ကာကွယ်တားဆီးသော အဖွဲ့အစည်း ဖြစ်သည်။

UNODC နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဘိန်းစိုက်ပျိုးမှုများ တိုင်းတာခဲ့ရာ ၂၀၀၁ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဟတ်တာတစ်သိန်းကျော်၊ ၂၀၀၂ ခုနှစ်တွင် ဟတ်တာ ၈၀၀၀၀ ကျော်၊ ၂၀၀၃ ခုနှစ်တွင် ဟတ်တာ  ၆၀၀၀၀ ကျော်၊ ၂၀၀၄ ခုနှစ်တွင်ဟတ်တာ ၄၀၀၀၀ ကျော်၊ ၂၀၀၅ ခုနှစ်တွင် ဟတ်တာ ၃၀၀၀၀ ကျော်စသည်ဖြင့် ဘိန်းစိုက်ပျိုးမှု ဟတ်တာများ ကောက်ယူခဲ့ကြောင်း သိရသည်။

၂၀၀၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဘိန်းစိုက်ပျိုးမှုဟတ်တာ၂၀၀၀၀ ကျော်ဖြင့် အနည်းဆုံးဖြစ်ခဲ့သည်။ သို့သော် ၂၀၀၇ ခုနှစ်မှ စတင်ကာ ၂၀၁၃ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု ဟတ်တာများ ပြန်လည်မြှင့်တက် လာခဲ့ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ဟတ်တာများ တဖြည်းဖြည်း ပိုမိုများပြားလာသည်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

NLD အစိုးရတက်လာသော ၂၀၁၆ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဟတ်တာများကို အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူနိုင်ခြင်း မရှိခဲ့ပေ။ သို့သော်၂၀၁၇ ခုနှစ် ဘိန်းစိုက်ပျိုးမှုတွင် ဟတ်တာ၄၁၀၀၀ ရှိပြီး ၂၀၁၈ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဟတ်တာ ၃၇၃၀၀ အထိ လျော့နည်းကျဆင်းလာသည်။

ဘိန်းထုတ်လုပ်မှု အပိုင်းတွင် ၂၀၁၇ ခုနှစ်က ၅၅၀ တန် ထုတ်လုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၅၂၀ တန် ထုတ်လုပ်ခဲ့သည့်အတွက် ဘိန်းထုတ်လုပ်မှု ၅ ဒသမ ၃ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ 

ဘိန်းပင်စိုက်ပျိုးခြင်းကို လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တောင်တန်းဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ် တို့အတွင်း စိုက်ပျိုးလျက်ရှိသည်။ အစိုးရက ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းဆောင်ရွက်ခဲ့ပြီး ထပ်တိုး ငါးနှစ်စီမံကိန်းကို ၂၀၁၉ ခုနှစ်အထိ ရေးဆွဲကာ မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။

တစ်ကမ္ဘာလုံး၏ ဘိန်းထွက်ရှိမှု လေးပုံတစ်ပုံသည် မြန်မာ၊ ထိုင်း၊ လာအို စသည့် သုံးနိုင်ငံဆုံရာ ဒေသဖြစ်သည့် ‘ရွှေတြိဂံဒေသ’ က ထွက်သည်ဟု နိုင်ငံတကာက သုံးသပ်မှုများရှိသည်။ 

မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးရာ ဒေသများအနက် ရှမ်းပြည်နယ်တောင်ပိုင်းသည် ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသဖြစ်ပြီး ၃၈ ရာခိုင်နှုန်း အထိရှိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု ၂၇ ရာခိုင်နှုန်းရှိပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဘိန်းစိုက်ပျိုး မှု ၂၃ ရာခိုင်နှုန်းရှိသည်။

ထို့ပြင် ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု ကိုးရာခိုင်နှုန်းရှိပြီး၊ ချင်းနှင့်ကယားပြည်နယ် နှစ်ခုပေါင်းတွင် ဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် UNODC တို့ ပူးပေါင်းထုတ်ပြန်သော အစီရင်ခံစာက ဆိုသည်။

ရှမ်းပြည်နယ်အတွင်း နယ်မြေလုံခြုံရေး အခြေအနေ မပေးသော နေရာများကို အကာအကွယ်ယူ၍ ဘိန်းစိုက်ပျိုးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာများတွင် ဘိန်းစိုက်ပျိုးမှု ရှိနေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က စုံစမ်းသိရသည်။

“နယ်မြေလုံခြုံရေး အခြေအနေ မပေးတဲ့ နေရာတွေမှာ ဒါကိုအကာအကွယ်ယူပြီး တရားမဝင် ဘိန်းစိုက်ပျိုးတာ တွေရှိတယ်။ ဒါကိုကျွန်တော်တို့က သွားပြီးဖျက်ဖို့၊ သွားပြီးတားဆီးဖို့ နည်းနည်းအခက်အခဲရှိတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာတွေ လူသူမရောက်တဲ့ နေရာတွေမှာ သွားပြီးတော့ ဖျက်ဆီးဖို့ စုစည်းရတာလေးတွေက နည်းနည်းအခက်အခဲရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာတွေ၊ သွားရလာရတာ ခက်ခဲတဲ့အတွက် ဒီနေရာမှာလည်း စိုက်ကောင်းစိုက်နိုင်ပါတယ်” ဟု မူး ယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့(ဗဟို)၊ စီမံကိန်းဌာနမှူး ရဲမှူးကြီး အုပ်စိုးထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင် အဖွဲ့အစည်း များစွာရှိပြီး တရားဥပဒေ အားနည်းမှုများ ရှိနေခြင်းသည် ဘိန်းစိုက်ပျိုးမှု ဖြစ်စေသော အဓိက အကြောင်းရင်း ဖြစ်နေသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဘိန်းစိုက်ပျိုးသည့် ဒေသခံများအတွက် အစိုးရက ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးနိုင်ရန် လုပ်ဆောင်ပေးခြင်းနှင့် အခြားသော အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးသင့်ကြောင်း မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က သုံးသပ်ပြောကြားသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှမ်းပြည်နယ်မှာ အများကြီးရှိတယ်။ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အတွက်ကြောင့် ဘိန်းစိုက်ပျိုးမှုတွေက အဓိက အကြောင်းရင်း တစ်ချက်ဖြစ်တယ်။ ဒုတိယအချက်က ဘိန်းစိုက်တောင်သူတွေ တခြားသော လုပ်ငန်းတွေ စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးတဲ့အတွက်ကြောင့် ဘိန်းစိုက်ပျိုးတာကို အဓိကထားတာကို တွေ့ရတယ်။ ဘိန်းစိုက်လုပ်ငန်းကိုလုပ်ရင် စား ဝတ်နေရေးပြေလည်တယ်ဆိုတဲ့ အတွက်ကြောင့် ဘိန်းအစားထိုး သီးနှံတစ်ခုတည်း လုပ်တာထက် နောက်ထပ် အခြားသော လုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်ဆောင် ရွက်နိုင်အောင်အစိုးရ လုပ်ကိုင် ပေးဖို့လိုတာပေါ့။ အဲဒီလို မလုပ်ပေးရင် စားဝတ်နေရေး ပြေလည်နိုင်စရာ မရှိတဲ့အတွက်ကြောင့် အချို့ ဒေသတွေမှာ ဘိန်းစိုက်မှ ပြေလည်မှာဖြစ်တဲ့အတွက် ဘိန်းစိုက်ပျိုးမှု တွေရှိနေတုန်းပဲလို့ သုံးသပ်ရတာပေါ့ဗျာ” ဟု ဦးစိုင်းသီဟကျော်က ပြောကြားသည်။

အစိုးရကဘိန်းစိုက်ပျိုးမှုများ လျော့နည်းလာစေရန် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ထိုင်းနိုင်ငံမူး ယစ်းဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) စသည်တို့နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် တာချီလိတ်မြို့နယ်များတွင် ရေရှည်တည်တံသည့် ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည်။ ထို့အတူ ဒေသနှင့်ကိုက်ညီသော တစ်ပိုင်တစ်နိုင် သားငါးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

“တဖြည်းဖြည်းနဲ့တော့ အစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို နတလဝန်ကြီးဌာန (နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန) နဲ့ ပေါင်းပြီးတော့ အခြား UNODC အဖွဲ့အစည်းတွေ ထိုင်းအဖွဲ့တွေ ဒါတွေနဲ့ ပူးပေါင်းပြီးတော့မှ ဘိန်းအစား ထိုး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နိုင်ငံအနှ့ံ ဘိန်းစိုက်ပျိုးတဲ့ နေရာတွေမှာ စိုက်ပျိုးနေတာ ရှိပါတယ်။ အဲဒီမှာ အထိုက်အလျောက်လည်း အောင်မြင်ပါတယ်။ ရေရှည်တည်တံ့ဖို့ အတွက် ကော်ဖီတွေ လက်ဖက်တွေကို နိုင်ငံခြားကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတာ ရှိပါတယ်” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(ဗဟို)၊ စီမံကိန်းဌာနမှူး ရဲမှူးကြီး အုပ်စိုးထွန်းက ပြောကြားသည်။

အစိုးရက ဘိန်းစိုက်တောင်သူများကို ဘိန်းအစားထိုးသီးနှံများ ပေးဝေသော်လည်း ဘိန်းစိုက်ပျိုးမှုကို အမြစ်ပြတ်တိုက်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။ ဘိန်းစိုက်ဒေသခံများသည် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးသော်လည်း စျေးကွက်အခြေအနေအရ တွက်ခြေမကိုက်သည့် အတွက်ကြောင့် နောက်ဆုံးတွင် ဘိန်းပြန်လည် စိုက်ပျိုးမှုများ ရှိနေသည်ဟု ဆိုကြသည်။

“ကျွန်တော်တို့ဒေသမှာ အခြားသီးနှံတွေ စိုက်ပျိုးတဲ့ တောင်သူတွေ လည်းရှိတယ်။ ဖရဲစိုက်တာတွေရှိတယ်။ ပြောင်းစိုက်တာတွေရှိတယ်။ တစ်ဖက်တရုတ်နိုင်ငံကို သွားရောင်းတဲ့အခါမှာ စျေးကွက်အရ တစ်ဖက်က စျေးကစားတာကို ခံနေရတယ်။ ဟိုတစ်နေ့က နယ်စပ်ဂိတ်ကို ပိတ်လိုက်တဲ့အတွက် ဖရဲစိုက်တောင်သူတွေ တော်တော် အခက်အခဲတွေ ဖြစ်သွားရတာ တွေ့ရတယ်။ ဒါကြောင့် တရားဥပဒေနဲ့ညီတဲ့ သီးနှံတွေ စိုက်ပျိုးထုတ်လုပ် ပြန်တော့လည်း စျေးကွက်မရရှိမှုတွေ၊ စျေးကွက်ဆုံးရှုံးနိုင်မှုတွေကို အစိုးရက ပြေလည်အောင် ဖြေရှင်းပေးဖို့ လိုတာပေါ့။ တရားဥပဒေနဲ့ညီတဲ့ သီးနှံတွေ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကို အခွင့်အလမ်းတွေ ရှိလာအောင် သူတို့ရဲ့ စီးပွားရေးတွေ တိုးတက်လာအောင် အစိုးရက ဆောင်ရွက်ပေးမယ်ဆိုရင် ဘိန်းစိုက်ပျိုးမှုတွေ လျော့နည်းလာမယ်လို့ ထင်ပါတယ်။ အရင်အစိုးရ အဆက်ဆက်နဲ့ လက်ရှိအစိုးရရဲ့ ဘိန်းအစားထိုးသီးနှံ အခြေအနေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးမှုတွေ မကောင်းဘူးပေါ့ဗျာ။ ဘိန်းစိုက်ပျိုးရေး လုပ်နေတဲ့ တောင်သူတွေအတွက် စီးပွားရေးစနစ်တစ်ခု ဆောင်ရွက်ပေးတာ မရှိဘူး။ နောက်တစ်ခုက ကျွန်တော်တို့ဒေသမှာစိုက်တဲ့ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ခရမ်းချဉ်သီး၊ အာလူးစတဲ့ သီးနှံမျိုးစုံ စိုက်ကြတယ်။ စိုက်ပေမဲ့ စျေးကွက်အာမခံချက်မရှိဘူး။ ပြည်ပလာတဲ့ စိုက်ပျိုးရေးသုံး ဆေးတွေကို စျေးကြီးပေးဝယ်ပြီး စိုက်ပျိုးရေးအတွက် သုံးရတယ်။ စျေးကွက်အာမခံချက်လည်း မရှိတဲ့အတွက် ဘိန်းစိုက်တောင်သူတွေက ဘိန်းပဲပြန် စိုက်ကြတယ်။ အဲဒီလိုနဲ့ပဲ သံသရာလည်နေတာ” ဟု ကိုအောင်ဆန်းက ပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၃၀၀၀ ကျော်အထိ ရှိခဲ့ပြီး တရားခံ ၁၈၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို) က ထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့်အမှု ၈၀၀၀ ကျော်သာရှိခဲ့ပြီး တရားခံ ၁၃၀၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်။ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် နှစ်နှစ်နှိုင်း ယှဉ်ကြည့်မည်ဆိုလျှင် ၂၀၁၈ ခုနှစ် အတွင်း ဖမ်းဆီးရမိသည့်အမှု အရေအတွက်နှင့် တရားခံ အရေအတွက်မှာ ပိုမိုများပြားနေသည်။

၂၀၁၈ အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တနင်္သာရီတိုင်း ဒေသကြီးတွင် ပုလဲမင်း စစ်ဆင်ရေး၊ ရခိုင်ပြည်နယ်တွင် မေယု-၂  စစ်ဆင်ရေး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် မန်းကမ္ဘောဇ စသည့်အထူးစစ်ဆင်ရေး စီမံကိန်းများရေးဆွဲကာ ဖမ်းဆီးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ သို့သော် ဘိန်းစိုက်ပျိုးခြင်းကို အမြစ်ဖြတ်နိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် အစိုးရက မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် ပါဝင်သော ထိန်းချုပ်ဓာတုဗေဒ ပစ္စည်းများ တရားမဝင် ဝင်ရောက်လာမှု မရှိစေရန်နှင့် တရားဝင် ဝင်ရောက်လာသော ထိန်းချုပ်ဓာတုပစ္စည်းများကို လမ်းလွှဲမရောက်သွားစေရန် တားဆီးနှိမ်နင်းရေး ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တားဆီးနှိမ်နင်းရေး ဌာနမှူး ယာယီရဲမှူးကြီး ဇော်လင်းက ပြောကြားသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်လို့ ထုတ်လုပ်မှု လျော့ချရေးနဲ့ ပတ်သက်လို့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အဓိကပါဝင်ရတဲ့ ထိန်းချုပ်ဓာတုဗေဒ ပစ္စည်းများနဲ့ ပတ်သက်ပြီး တရားမဝင် ဝင်ရောက်လာမှု မရှိအောင် တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေသလို တရားဝင် ဝင်ရောက်လာတဲ့ ထိန်းချုပ်ဓာတု ပစ္စည်းတွေကိုလည်း လမ်းလွဲကို မရောက်သွားအောင် တားဆီးနှိမ် နင်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ ပြီးခဲ့တဲ့နှစ်က UNODC နဲ့ ပေါင်းပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ အဆင့်မြင့် ဓာတုဗေဒ ထိန်းချုပ်ရေး ညီလာခံကို နေပြည်တော်မှာ နိုင်ငံပေါင်း ၁၆ နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးခဲ့တဲ့ အကျိုးရလဒ်နဲ့ပ တ်သက်ပြီး ဆက်လက်ပြီး ဓာတုဗေဒ ထိန်းချုပ်ပစ္စည်းတွေကို တရားမဝင် ဝင်ရောက်လာမှုကို တားဆီးနှိမ်နင်းဖို့ အဆင့်မြှင့် ဆောင်ရွက်နေပါတယ်” ဟု ယာယီရဲမှူးကြီး ဇော်လင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးနှင့် ဘိန်းစိုက်ခင်းများ ပေါများလာရသည့် အဓိကအကြောင်းရင်းတွင် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေသည့် ပြည်တွင်းစစ်ကြောင့်လည်း ပါဝင်နေပြီး ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်နေသည့် တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ ရှိနေခြင်းကြောင့် အစိုးရအနေဖြင့် ယင်းနယ်မြေများ၏ ဘိန်းစိုက်ပျိုးမှုများကို ထိန်းချုပ်နိုင်ရန် ငြိမ်းချမ်းရေး ရရှိရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်။  အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က “ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေ လျော့ကျနိုင်အောင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြေလည်အောင် ညှိနှိုင်းနိုင်မှ  ငြိမ်းချမ်းရေးရမှ၊ ငြိမ်းချမ်းရေးရပြီး တရားဥပဒေ စိုးမိုးနိုင်မှ ဒါတွေကို ထိန်းကျောင်းနိုင်လိမ့်မယ်လို့ ယူဆတယ်လေ။ မဟုတ်ရင်တော့ ဘယ်လိုမှ ထိန်းသိမ်းလို့ရမှာ မဟုတ်ဘူးလေ။ နောက်ဆုံးပိတ် အဓိက ပြဿနာကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပါပဲ။ နှစ်ပေါင်းများစွာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေက ဒေသတွင်းရဲ့ စီးပွားရေး၊ စားဝတ်နေရေး၊ လူမှုရေး စတဲ့အကြောင်းအရင်းတွေမှာ သွားပြီးသက်ရောက်တယ်။ ဘိန်းစိုက်ပျိုးတယ် ဆိုတာကလည်း စားဝတ်နေရေးနဲ့ စီးပွားရေးတွေနဲ့ ဆက်စပ်နေတဲ့ကိစ္စပဲ” ဟုဆိုသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ငါးနှစ်တာကာလအတွင်း ဘိန်းစိုက်ပျိုးမှု ဟတ်တာ ၄၀၀၀၀ ကျော်မှ ၆၀၀၀၀ ခန့်အထိ တိုးမြှင့်ခဲ့သည့်အတွက် ဘိန်းစိုက်ပျိုးမှု လျော့နည်းအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ NLD အစိုးရ စတင် တာဝန်ယူသော သုံးနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ဟတ်တာများ လျော့နည်းလာသည်။ သို့ဖြစ်ရာ ကျန်ရှိနေသေးသော သက်တမ်းနှစ်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ဆက်လက် လျော့နည်းလာစေရန် NLD အစိုးရ မည်သို့လုပ်ဆောင်မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိခြင်းနှင့် ဆက်စပ်လျက်ရှိသည့် မူးယစ်ဆေးတိုက်ဖျက်ရေးအရှိန် မည်မျှအထိ ရွေ့နိုင်မည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

 

Most Read

Most Recent