ပျားရည်အိုင် ရုပ်သံဇာတ်လမ်းတွဲမှ ‘မြိုင်’ ဇာတ်ရုပ်ဖြင့် ပရိသတ်အားပေးမှု များစွာရရှိလာသူ သရုပ်ဆောင်မေမီကိုကို၏ ငယ်ဘဝ အမှတ်တရ ဖြတ်သန်းရာ

ပျားရည်အိုင် ရုပ်သံဇာတ်လမ်းတွဲမှ ‘မြိုင်’ ဇာတ်ရုပ်ဖြင့် ပရိသတ်အားပေးမှု များစွာရရှိလာသူ သရုပ်ဆောင်မေမီကိုကို၏ ငယ်ဘဝ အမှတ်တရ ဖြတ်သန်းရာ
Published 10 January 2019
လင်းလင်းခိုင်

ခိုင်မာတဲ့ဇာတ်လမ်းဇာတ်အိမ်၊ သရုပ်ဆောင်အင်အား ကောင်းမွန်မှုတွေနဲ့ စနစ်တကျဖန်တီးထားတဲ့ မြန်မာရုပ်သံ ဇာတ်လမ်းတွဲတွေကို ပရိသတ်အားပေးစောင့်ကြည့်မှု မြင့်မားလာတာနဲ့အမျှ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခွင့်ရလာတဲ့ မျိုးဆက်သစ်အနုပညာရှင်တွေကိုလည်း သတိပြုအားပေးလာကြပါတယ်။ လတ်တလောထုတ်လွှင့်ပြသနေပြီး ပရိသတ်စိတ်ဝင်စားမှု များပြားနေတဲ့ ပျားရည်အိုင် ရုပ်သံဇာတ်လမ်းတွဲမှာ ‘မြိုင်’ ဆိုတဲ့ အဓိကဇာတ်ရုပ်မှာ ပီပြင်စွာ ပါဝင်ထားသူက သရုပ်ဆောင်မေမီကိုကိုပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်မေမီကိုကိုပြောပြတဲ့ ငယ်စဉ်ဘဝ အမှတ်တရတွေကို ဖော်ပြပေးချင်ပါတယ်။

မေမီကိုကိုရဲ့ မွေးရပ်ဇာတိက ကချင်ပြည်နယ် ဗန်းမော်မြို့ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက် ၁၉၉၂ မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းမောင်နှမ သုံးယောက်ရှိတဲ့အနက် အငယ်ဆုံး သမီးလည်း ဖြစ်ပါတယ်။ ငယ်စဉ်ကလေး ဘဝတစ်လျှောက်လုံးမှာ ဗန်းမော်မြို့မှာကြီးပြင်းခဲ့သူပါ။ ငယ်စဉ်ကလေးဘဝမှာ ထူးခြားတဲ့ အမှတ်တရတစ်ခုကိုတော့ ယနေ့တိုင်သတိရနေဆဲပဲလို့ ပြောပြခဲ့ပါတယ်။

‘‘ဖေဖေမေမေတို့ရော မေမီရောအတွက် အခုထိမှတ်မိနေသေးတဲ့ အမှတ်တရကတော့ သုံးနှစ်သမီးလောက်မှာ အိမ်ဘေးက အစ်မတစ်ယောက် နှစ်တန်းလောက်ရှိပြီပေါ့။ မေမီထက်တော့ကြီးတယ်။ သူက မုန့်စားမလား မေးတော့စားမယ်ဆိုပြီး မေမီက  လမ်းလျှောက်လိုက်သွားတာ။ လူကြီးတွေလည်း မသိလိုက်ဘူး။ နှစ်မိုင်လောက်ကိုလျှောက်သွားပြီး အိမ်စုစုလေးတွေရှိတဲ့ ဝန်းတစ်ခုထဲကိုရောက်တော့ အဲဒီအစ်မက မေမီကို ထားခဲ့တယ်။ မေမီလည်း ဘာမှသိပ်မပြောတတ်ဘဲ နေခဲ့တာပေါ့။ အဲဒီအိမ်ထဲက သူတွေတွေ့သွားပြီး ဘယ်အိမ်ကလည်းမေးတော့လည်း ဘာမှမပြောတတ်ဘူး။ ဗိုက်ဆာတယ်ပဲ ပြောနေတော့ ထမင်းခွံ့ ကျွေးပြီးအိပ်ခိုင်းတယ်။ ပြန်နိုးလာတဲ့အချိန်မှာ စက်ဘီး ကယ်ရီယာခုံတစ်ခုပေါ် ရောက်နေတယ်။ ပြီးတော့ ထပ်အိပ်သွားပြီးနိုးလာတော့ အိမ်ပြန်ရောက်နေတယ်ပေါ့။ ကံကောင်းတာက မေမီတို့က လက်ဖက်ရည်ဆိုင်လေးဖွင့်ထားတော့ မေမီရောက်သွားတဲ့အိမ်က ဦးလေးကြီးက အိမ်မှ လက်ဖက်ရည်လာသောက်ရင်းနဲ့ မေမီကို မြင်ဖူးလို့ပြန်ပို့ပေးတာပေါ့။ မဟုတ်ရင်တော့ ဒုက္ခရောက်မှာ။ မေမီမိဘတွေက ရဲတိုင်ဖို့တောင် လုပ်နေပြီပေါ့။ အဲဒါလေးကတော့ ပြန်တွေးတိုင်းလည်း ရင်တုန်ပြီး အမှတ်တရပါ’’လို့ ပြောပြခဲ့ပါတယ်။

မေမီကိုကိုက ကျောင်းပညာရေးကိုတော့ ငယ်စဉ်ဘဝမှာ ဗန်းမော်မှာတက်ရောက်ခဲ့ပြီး ရန်ကုန်ကိုပြောင်းရွှေ့လာချိန်မှာ အ.ထ.က(သုဝဏ္ဏ)မှာ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းပညာရေးမှာတော့ သာမန်လောက်ပဲရှိခဲ့ပြီး မြန်မာစာကိုတော့နှစ်သက်သူဖြစ်တယ်လို့ ဆိုပါတယ်။ ငါးတန်း ကျောင်းသူဘဝလောက်ကတည်းက အစ်မဖြစ်သူကသရုပ်ဆောင်ဖြစ်တာကြောင့် ကလေးသရုပ်ဆောင် ဝင်လုပ်ခဲ့ဖူးတယ်လို့လည်း အမှတ်တရ ဆိုပါတယ်။

 ‘‘အစ်မက သရုပ်ဆောင်ဆိုတော့ ကိုယ်နဲ့လည်း အရမ်းမစိမ်းဘူး။ ငယ်ငယ်ကတည်းကလည်း ကြီးလာရင် မင်းသမီးလုပ်မယ်ဆိုတဲ့စိတ်ပဲရှိတယ်။ အားရင်ဇာတ်ကားတွေ ကြည့်တယ်။ အမူအရာလုပ်ကြည့်တာမျိုး ရှိတယ်။ အရမ်း ၀ါသနာပါခဲ့တယ်လို့ပဲပြောရမှာပါ’’လို့ မေမီကိုကိုကအမှတ်တရဆိုပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ ဘဝရဲ့တစ်ဆစ်ချိုးအနေနဲ့ မော်ဒယ်လ်စလုပ်ဖြစ် တယ်လို့ဆိုပါတယ်။ အစ်မဖြစ်သူရဲ့လက်မှာထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် အစ်မစာချုပ်ချုပ် ထားတဲ့မော်ဒယ်လ်ရှိုးတွေမှာ ပါဝင်လျှောက်လှမ်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကနေမှ မော်ဒယ်လ်လမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်းခဲ့ပါတယ်။ ဒီနောက်မှာတော့ မူလဝါသနာဖြစ်တဲ့ သရုပ်ဆောင်အလုပ်အတွက် လမ်းကြောင်း ရှာဖွေခဲ့ပါတယ်။

‘‘သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာကြောင့် ဘယ်လိုလမ်းကြောင်းသွားရမလဲဆိုတာ အမြဲ စဉ်းစားတယ်။ အဲဒီအချိန်မှာ MRTV-4 Talent Management က သင်တန်းသားခေါ်တဲ့အခါ သွားလျှောက် ဖြစ်တယ်။ အဆင့်ဆင့် စိစစ်ရွေးချယ်ပြီးမှပဲ ပါဝင်ရွေးချယ်ခံခဲ့ရတာပါ။ ရွေးချယ်ခံပြီးတော့လည်း အများကြီးလေ့ကျင့်ပြင်ဆင်ခဲ့ရတယ်’’လို့ မေမီကိုကိုက ဆိုပါတယ်။

မေမီကိုကိုက ရုပ်သံဇာတ်လမ်းတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး ရခဲ့တဲ့အခွင့်အရေးကိုတော့ အမိအရဆုပ်ကိုင်ကာ ကြိုးစားခဲ့သူဖြစ်ပါတယ်။ ပါဝင်ခွင့်ရခဲ့တဲ့ ကာရိုက်တာတိုင်းကို ပီပြင်အောင်ကြိုးစားခဲ့တာကြောင့် ပရိသတ် သတိထားမိစေခဲ့သူလည်း ဖြစ်ပါတယ်။ လတ်တလောထုတ်လွှင့်နေတဲ့ ‘ပျားရည်အိုင်’ ဇာတ်ကားမှာတော့ ပရိသတ်အမုန်းကို ရရှိနိုင်တဲ့ ‘မြိုင်’ ဇာတ်ရုပ်နဲ့ပါဝင်ခဲ့ပါတယ်။ ဆရာမကြီးခင်နှင်းယုရဲ့ အောင်မြင်တဲ့ဝတ္ထု ကိုပုံဖော်ထားတာဖြစ်တာကြောင့် တာဝန်ကြီးသလို ပရိသတ် အမုန်းခံရနိုင်တဲ့အတွက် စိတ်ကိုလည်း သေချာပြင်ဆင်ခဲ့ရတယ်လို့ မေမီကိုကိုကဆိုပါတယ်။

‘‘ဒီ ကာရိုက်တာမှာမရိုက်ခင်ဝတ္ထုကို ဖတ်ကြည့်လိုက်တော့ တော်တော်လေးတော့ ကြောက်မိတယ်။ ကာရိုက်တာက ပရိသတ် အရမ်းမုန်းမှာဆိုတော့လေ။ ဒါပေမယ့်မေမီ စဉ်းစားတာက ပရိသတ်ရဲ့ကာရိုက်တာအပေါ် မုန်းခြင်း ချစ်ခြင်း ဆိုတာက ကိုယ့်ရဲ့ သရုပ်ဆောင်ပီပြင်မှုပဲ။ သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ ကိုယ့်အိပ်မက်အတွက်ဒီစိန်ခေါ်မှုကို လက်ခံရမယ်။ လုပ်ကြည့်မယ်ဆိုတဲ့စိတ်နဲ့ပဲ အကောင်းဆုံး ကြိုးစားခဲ့တယ်။ စလွှင့်ခါစ ရက်တွေတုန်းကလည်း ပရိသတ်တွေ တော်တော်လေးမုန်းကြတယ်။ အဲဒီတုန်းက ဝမ်းနည်းပေမယ့် လေးငါးပိုင်းလောက် ရောက်လာတဲ့အခါ ပရိသတ် တွေက တော်တော်လေးကြိုက်ကြတယ်၊ အမူအရာ ပီပြင်တယ်လို့ပြောကြတဲ့အတွက် အရမ်းပျော်မိပါတယ်။ ဒီဇာတ်ကားလေးက မေမီအတွက် ဘဝတစ်ဆစ်ချိုးတစ်ခုလို့လည်း ပြောလို့ရပါတယ်’’လို့ မြိုင်ဇာတ်ရုပ်နဲ့ပတ်သက်လို့ ဆိုပါတယ်။

မေမီကိုကိုက အက်ရှင်ရုပ်သံ ဇာတ်လမ်းတွဲသစ်တစ်ခုမှာလည်း ပါဝင်ထားပြီး ၂၀၁၉ အတွင်းမှာပဲထုတ်လွှင့်ပြသမှာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ ရဲအုပ်အမျိုးသမီးတစ် ယောက်အနေနဲ့ပါဝင်ထားသလို မြိုင်ဇာတ်ရုပ်နဲ့ လုံးဝကွဲပြားတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင်လက်ရှိမှာလည်း ရုပ်သံ ဇာတ်လမ်းတွဲသစ်တစ်ခုရိုက်ကူးနေသလို အကောင်းဆုံး ကြိုးစားနေတယ်လို့ဆိုပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေတင်မကဘဲ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရိုက်ကူးဖို့အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။ 

Most Read

Most Recent