သစ်လွင်ဆရာဝန်များ၏ သုံးရာခိုင်နှုန်းကျော်သာ အလုပ်အပေါ် စိတ်ကျေနပ်မှုရှိပြီး လက်ထောက်ဆရာဝန်အများစုမှာ ဘွဲ့လွန်ဆေးပညာသင်တန်းများ တက်ရောက်လိုခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ခြင်းဖြစ်သည်ဟု သုတေသနစာတမ်းတစ်ခုတွင် ဖော်ပြ

သစ်လွင်ဆရာဝန်များ၏ သုံးရာခိုင်နှုန်းကျော်သာ အလုပ်အပေါ် စိတ်ကျေနပ်မှုရှိပြီး လက်ထောက်ဆရာဝန်အများစုမှာ ဘွဲ့လွန်ဆေးပညာသင်တန်းများ တက်ရောက်လိုခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ခြင်းဖြစ်သည်ဟု သုတေသနစာတမ်းတစ်ခုတွင် ဖော်ပြ
ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်် လူငယ်ဆရာဝန်တစ်ဦးအား တွေ့ရစဉ်
ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်် လူငယ်ဆရာဝန်တစ်ဦးအား တွေ့ရစဉ်
Published 9 January 2019
အိသဥ္ဇာကျော်

သစ်လွင်ဆရာဝန်များ၏ သုံးရာခိုင်နှုန်းကျော်သာ အလုပ်အပေါ် စိတ်ကျေနပ်မှုရှိပြီး လက်ထောက်ဆရာဝန်အများစုမှာ ဘွဲ့လွန်ဆေးပညာသင်တန်းများ တက်ရောက်လိုခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်း ဆောင်ခြင်းဖြစ်သည်ဟု ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပလျက်ရှိသည့် (၄၇)ကြိမ်မြောက် မြန်မာနိုင်ငံဆေးသုတေသန ညီလာခံတွင် တင်သွင်းခဲ့သည့် သုတေသန စာတမ်းအရ သိရသည်။

အဆိုပါ စာတမ်းသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ သင်ကြားရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော လက်ထောက် ဆရာဝန်များ၏နိုင်ငံ့ဝန်ထမ်းဆရာဝန်များ အဖြစ်ဆောင်ရွက်ရခြင်းအပေါ်အမြင်၊ နိုင်ငံ့ ဝန်ထမ်းအဖြစ် ဆက်လက်ဆောင်ရွက်လိုမှု နှင့်အလုပ်အပေါ် စိတ်ကျေနပ်မှု အခြေအနေများနှင့် ပတ်သက်၍ လေ့လာခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ သင်ကြားရေးဆေးရုံများတွင် တာဝန်ထမ်း ဆောင်နေသော လက်ထောက်ဆရာဝန် ၁၄၉ ဦးတို့က ကြိုတင်စမ်းသပ်ထားပြီး  ကိုယ်တိုင်ဖြေဆိုနိုင်သော စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်းနှင့် ရရှိလာသော စာတမ်းအဖြေများအရ ပါဝင်ဖြေဆိုသူ သစ် လွင်ဆရာဝန်များအနက် ၇၅ ရာခိုင်နှုန်းကျော်မှာ နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဘွဲ့လွန်ဆေးပညာသင်တန်းများ တက်ရောက်လိုခြင်းကြောင့်ဖြစ်ကြောင်း စစ်တမ်း တွင်ဖော်ပြချက်အရ သိရသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက် ဆောင်ရွက်လိုမှုနှင့်ပတ်သက်၍ စစ်တမ်းဖြေဆိုသော သစ်လွင်ဆရာဝန်များအနက် ၆၂ ရာခိုင်နှုန်းမှာ နိုင်ငံ့ဝန်ထမ်းအဖြစ်ဆက်လက် ဆောင်ရွက်ရန် သေချာမှု မရှိတော့ကြောင်း ဖြေဆိုခဲ့ပြီး ကျန်ရာခိုင်နှုန်းမှာ နိုင်ငံ့ဝန်ထမ်း အဖြစ် တတ်နိုင်သမျှ အဆုံးစွန်ဆောင်ရွက်သွားလိုသည်ဟု ဖြေကြားခဲ့ကြကြောင်း သိရသည်။

ဖြေဆိုသူ သစ်လွင်ဆရာဝန်များ၏ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ အလုပ်နှင့်ပတ်သက်၍ စိတ်ကျေနပ်မှုရရှိသည်ကို တွေ့ရှိရပြီး အလုပ်နှင့်ပတ်သက်၍ စိတ်ကျေနပ်မှုအခြေအနေမှာ သစ်လွင်ဆရာဝန်များ၏ တာဝန် ကျဆေးရုံအမျိုးအစား၊ လက်ရှိလုပ်ငန်းခွင်ဝန်းကျင် အနေအထားနှင့်လုပ်ငန်းခွင်တွင် သင်ကြားပေးခံရခြင်း အနေအထားတို့နှင့် သိသာထင်ရှားစွာ ပတ်သက်ဆက်နွှယ်မှုရှိသည်ကို တွေ့ရှိရကြောင်းနှင့် အလုပ်နှင့်ပတ် သက်၍ စိတ်ကျေနပ်မှုအခြေအနေနှင့် နိုင်ငံ့ဝန်ထမ်းအဖြစ်ဆက်လက်ဆောင်ရွက်လိုမှုတို့မှာ သိသာထင်ရှားစွာ ပတ်သက်ဆက်နွှယ်မှု ရှိသည်ကို တွေ့ရှိရကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ရရှိသောလစာနှင့် အလုပ်ပမာဏ မမျှတခြင်း၊ လက်ရှိလစာကို မကျေနပ်ခြင်း၊ လုပ်ငန်းခွင်လုံခြုံမှုအား လျော့လာခြင်းနှင့် စီမံခန့်ခွဲမှုပြဿနာတို့မှာ ဦးတည်အုပ်စုဖွဲ့ ဆွေးနွေးခြင်းတို့မှ အဓိကထွက်ပေါ်လာသော နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်ဆောင်ရွက်ရန်သေချာမှု မရှိစေတော့သည့် အဓိကအကြောင်းရင်းများဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် လစ်လပ်နေသော နေရာများအတွက် သစ်လွင်လက် ထောက် ဆရာဝန်၂၀၀၀ ခန့်အပ်ရန် စီစဉ်ခဲ့ပြီး ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် လက်ထောက် ဆရာဝန် (သစ်လွင်) များကို ဆေးရုံများသို့ တာဝန်ချထားချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ လုပ်ငန်းလိုအပ်ချက်ရှိသော ဆေးရုံများသို့ အချိုးကျ ခွဲဝေခန့်ထားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိရခိုင်ပြည်နယ်အတွင်းလူဦးရေ နှင့်အညီ သင့်လျော်သော ကျန်းမာရေးဝန်ထမ်း ရှိစေရန်အထူးကုဆရာဝန်၂၁ ဦး အပါအဝင် ဝန်ထမ်းပေါင်း ၄၀၀ ကျော်ကို တိုးမြှင့် ခန့်ထားပြီးဖြစ်သည်။