အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းများတွင် နိုင်ငံခြား အာမခံကုမ္ပဏီများ အနေဖြင့် ပြည်တွင်းအာမခံ ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ထုတ်ပြန်

အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းများတွင် နိုင်ငံခြား အာမခံကုမ္ပဏီများ အနေဖြင့် ပြည်တွင်းအာမခံ ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ထုတ်ပြန်
Published 3 January 2019
ဇေယျာငြိမ်း

အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းများတွင် နိုင်ငံခြားအာမခံ ကုမ္ပဏီများ အနေဖြင့် ပြည်တွင်းအာမခံ ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း နိုင်ငံခြား အာမခံကုမ္ပဏီများအား လုပ်ငန်းဆောင်ရွက်ခွင့်နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ကြေညာချက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိသည့် ပြည်တွင်းနှင့် နိုင်ငံခြား အာမခံကုမ္ပဏီများအား အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုနိုင်ရေးအတွက် “လုပ်ငန်းဆောင်ရွက်လိုမှု ဆန္ဒပြုလွှာ (Expression of Interest)” နှင့် “အဆိုပြုလျှောက်လွှာ (Request for Proposal)” တို့ကို တင်သွင်းရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက “လုပ်ငန်းဆောင်ရွက်လိုမှု ဆန္ဒပြုလွှာ” နှင့် “အဆိုပြုလျှောက်လွှ” များနှင့်စပ်လျဉ်း၍ သိလိုသည်များကို ရှင်းလင်းဖြေကြား ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အနေဖြင့် အသက်အာမခံနှင့် အထွေထွေအာမခံ နှစ်မျိုးလုံး စုပေါင်းလုပ်ကိုင်လျက်ရှိသည့် ပြည်တွင်းအာမခံ ကုမ္ပဏီများအား အသက်အာမခံနှင့် အထွေထွေ အာမခံလုပ်ငန်းများကို သီးခြားစီ လုပ်ကိုင်ရန် ညွှန်ကြားထားပြီးဖြစ်ရာ နိုင်ငံခြားအာမခံ ကုမ္ပဏီများသည် ပြည်တွင်း အာမခံကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားအာမခံ ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုခြင်းကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်အာမခံလုပ်ငန်းနှင့် စပ်လျဉ်း၍ ရွေးချယ်ခွင့်(၁) အနေဖြင့် နိုင်ငံခြား အသက်အာမခံ ကုမ္ပဏီများက ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် လက်အောက်ခံ ကုမ္ပဏီအဖြစ် သုံးခုထက်မပိုသော အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းနှင့် ရွေးချယ်ခွင့်(၂) အနေဖြင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ပြီးဖြစ်သော နိုင်ငံခြား အသက်အာမခံကုမ္ပဏီ သို့မဟုတ် အသက်အာမခံနှင့် အထွေထွေ အာမခံနှစ်မျိုးလုံး လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြား အာမခံကုမ္ပဏီကို ပြည်တွင်း အသက်အာမခံကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက် လုပ်ကိုင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ အထွေထွေ အာမခံလုပ်ငန်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားပြီးဖြစ်သော နိုင်ငံခြား အထွေထွေ အာမခံကုမ္ပဏီ သို့မဟုတ် အသက်အာမခံနှင့် အထွေထွေ အာမခံနှစ်မျိုးလုံး လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားအာမခံ ကုမ္ပဏီကို ပြည်တွင်းအထွေထွေ အာမခံကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင် ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေပုဒ်မ ၂၉ တွင် “ဝန်ကြီးဌာနသည် အာမခံလုပ်ငန်း၊ အာမခံ အလုပ်လက်ခံ ကိုယ်စားလှယ်လုပ်ငန်း သို့မဟုတ် အာမခံအကျိုးဆောင်လုပ်ငန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်လိုသော ကုမ္ပဏီအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုနိုင်သည်” ဟုပြဋ္ဌာန်းပါရှိသည်။

၂၀၁၃ ခုနှစ်တွင် ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ ခုသို့ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးထားသည်။                                       

Most Read

Most Recent