တပ်မတော်သတင်းများကို စိစစ်အတည်ပြုခြင်း မရှိဘဲ ဆက်လက် ထုတ်ပြန်လာပါက သက်ဆိုင်ရာ သတင်းဌာနများအား ဥပဒေနှင့်အညီိ ဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန် 

တပ်မတော်သတင်းများကို စိစစ်အတည်ပြုခြင်း မရှိဘဲ ဆက်လက် ထုတ်ပြန်လာပါက သက်ဆိုင်ရာ သတင်းဌာနများအား ဥပဒေနှင့်အညီိ ဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန် 
Published 29 December 2018
မောင်ထူး

ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ချက်များအပေါ် အထင်အမြင် လွဲမှားစေမည့် မဟုတ်မမှန် သတင်းထုတ်ပြန်မှုများအား မပြုလုပ်ကြရန် လိုအပ်ကြောင်းနှင့် တပ်မတော် သတင်းများကို စိစစ်အတည်ပြုခြင်း မရှိဘဲ ဆက်လက် ထုတ်ပြန်လာပါက သက်ဆိုင်ရာ သတင်းဌာနများအား ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ဒီဇင်ဘာ ၂၁ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ကြေညာခဲ့ပြီး နောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်ကိုင်အဖွဲ့များ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားသည်ဟု သတင်းဌာနအချို့၏ သတင်းဖော်ပြမှုများနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ရွှေမှော်ကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်၌ TNLA နှင့် မြန်မာစစ်တပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်မှုအပေါ်  သတင်းဌာန ခုနစ်ခု မှ ထပ်ဆင့် သတင်းထုတ်လွှတ်ခဲ့သဖြင့် ကွတ်ခိုင်မြို့နယ် ရွှေမှော်ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းများနှင့် TNLA အဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်းနှင့် ငြိမ်းချမ်းရေးအား ဖြစ်မြောက်မှု အားနည်းစေရန်အတွက်  သွေးထိုးလှုံ့ဆော်မှုများ  မပြုလုပ်ကြရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၂၅ ရက်တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်ဟု သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။ 

ထို့အတူ သီပေါမြို့နယ် နားမခေါ်ကျေးရွာ အုပ်စုအတွင်းရှိ တွန်ကြိုင်းကျေးရွာ အနီးတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နှင့် ဒီဇင်ဘာ ၂၅ ရက်တို့၌  ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားရာတွင် တပ်မတော်စစ်ကြောင်းများက  RCSS နှင့် ပူးပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း SSPP သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်မှုအပေါ် သတင်းဌာန လေးခု မှ ထပ်ဆင့် ထုတ်လွှင့်ခဲ့ပြီး ၎င်းသတင်းအပေါ် စိစစ်မေးမြန်းမှုအား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့အချင်းချင်း ဖြစ်ပွားနေသော ပဋိပက္ခသည် တပ်မတော်နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်ဘက်ကမှ ပါဝင်ကူညီပေးခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပြီး ဖြစ်ကြောင်း၊ သတင်းဌာနတစ်ခု အနေဖြင့် ၎င်းသတင်းကို စိစစ်အတည်ပြုခြင်း မရှိဘဲ ထပ်ဆင့် ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ် နောင်ချိုကျေးရွာအနီးတွင်  ဒီဇင်ဘာ ၂၅ ရက်၌ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအား Tai-Freedom  မှ RCSS ၏ ထုတ်ပြန် ကြေညာချက်တွင် တပ်မတော်နှင့် PNLO တို့ ပူးပေါင်း၍ RCSS အဖွဲ့အား တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားမှုအပေါ် သတင်းဌာနတစ်ခုက ထပ်ဆင့် ထုတ်ပြန်ခဲ့ပြီး တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် တစ်ဖက်တည်းမှ ပြောဆိုမှုများကို ကိုးကား၍ ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်နေမှုအား ပျက်ပြားစေရန် ရေးသား ထုတ်လွှင့်နေကြောင်း တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

တပ်မတော်၏ အနာဂတ်လုပ်ငန်းများနှင့် အများပြည်သူ မသိသင့် မသိထိုက်သော အကြောင်းအရာများမှလွဲ၍ ကျန်ဖြစ်စဉ်များကို သက်ဆိုင်ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းဦးစီးဗိုလ်မှူးကြီးများထံမှ သတင်းရယူရန်နှင့် စိစစ် အတည်ပြုနိုင်ရေး ခွင့်ပြုထားပြီး ဖြစ်ကြောင်း တရားဝင်ညွှန်ကြားထားပြီး ဖြစ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ 

သို့ဖြစ်ပါ၍ သတင်းဌာနများအနေဖြင့် တပ်မတော်သတင်းများအား သက်ဆိုင်ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းဦးစီး ဗိုလ်မှူးကြီးများထံ သတင်းစိစစ် အတည်ပြုခြင်းများ ပြုလုပ်ပြီးမှသာ ပြည်သူသို့ အမှန်အတိုင်း တင်ပြနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ချက်များအပေါ် အထင်အမြင်လွဲမှားစေမည့် မဟုတ်မမှန် သတင်းထုတ်ပြန်မှုများအား မပြုလုပ်ကြရန် လိုအပ်ကြောင်းနှင့် တပ်မတော် သတင်းများကို စိစစ်အတည်ပြုခြင်း မရှိဘဲ ဆက်လက် ထုတ်ပြန်လာပါက သက်ဆိုင်ရာ သတင်းဌာနများအား ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent