စစ်ဌာနချုပ် နယ်မြေ ငါးခုရှိ NCA လက်မှတ် ရေးထိုးရန် ကျန်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံးကို ရပ်ဆိုင်းပေးမည်ဟု တပ်မတော် ထုတ်ပြန်

စစ်ဌာနချုပ် နယ်မြေ ငါးခုရှိ NCA လက်မှတ် ရေးထိုးရန် ကျန်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံးကို ရပ်ဆိုင်းပေးမည်ဟု တပ်မတော် ထုတ်ပြန်
ဒီဇင်ဘာ ၂၁ ရက်က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ တပ်မတော်၏ ကြေညာချက်အား ဗိုလ်ချုပ်ထွန်းထွန်းကြည်က ဖတ်ကြားထုတ်ပြန်စဉ် (ဓာတ်ပုံ - မြင့်သူ)
ဒီဇင်ဘာ ၂၁ ရက်က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ တပ်မတော်၏ ကြေညာချက်အား ဗိုလ်ချုပ်ထွန်းထွန်းကြည်က ဖတ်ကြားထုတ်ပြန်စဉ် (ဓာတ်ပုံ - မြင့်သူ)
Published 21 December 2018

စစ်ဌာနချုပ် နယ်မြေ ငါးခုရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံးကို ရပ်ဆိုင်းပေးမည်ဟု တပ်မတော်က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ ရက်က နေပြည်တော်တွင် မြန်မာသတင်းမီဒီယာကောင်စီ (MPC) နှင့် တွေ့ဆုံစဉ် တပ်မတော်က ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများတွင် စစ်ဆင်ရေး လှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းထားမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး MNTJP ၊ PSLF ၊ ULA အဖွဲ့သုံးဖွဲ့က စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင်မည်ဟု သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်ကို ကြိုဆိုထောက်ခံကြောင်း ငြိမ်းချမ်းရေးကော်မရှင်ကလည်း ထုတ်ပြန်ကြေညာခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်းပြီး တပ်မတော်တော်အနေဖြင့် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားရန် လိုအပ်မည်ဟု ယူဆကြောင်း၊ တပ်မတော်အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရန် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်ပေးမည် ဖြစ်ကြောင်း၊ တပ်လှုပ်ရှားမှု ရပ်ဆိုင်းထားသည့် ကာလအတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်း ဆွေးနွေးသွားရန်ဖြစ်ပြီး လိုအပ်ပါက ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးစီးသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အရာရှိကြီးများနှင့် သက်ဆိုင်ရာ နယ်မြေအလိုက် တိုင်းမှူးများ ပါဝင်သော ညှိနှိုင်းရေးအဖွဲ့ဖြင့် ဆွေးနွေးပေးမည် ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်သည်။

အဆိုပါအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက တာဝန်ယူမည်ဖြစ်ကာ အဖွဲ့ဝင် ရှစ်ဦး ပါဝင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

ထို့ပြင် NCA လက်မှတ် ရေးထိုးပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့်လည်း NCA သဘောတူစာချုပ်ပါ အချက်အလက်များအတိုင်း ဆက်လက် ဆွေးနွေးပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက ညှိနှိုင်းဆွေးနွေးရေးအဖွဲ့မှ တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးပေးမည် ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent