“Now & Ever -ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အစီအစဉ်နှင့် မီဒီယာများအား မိတ်ဆက်ပွဲပြုလုပ်

“Now & Ever -ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အစီအစဉ်နှင့် မီဒီယာများအား မိတ်ဆက်ပွဲပြုလုပ်
Published 11 December 2018
လင်းလင်းခိုင်

အချစ်နှင့် အိမ်ထောင်ရေး မေတ္တာဖွဲ့ ဇာတ်ကားအဖြစ် ပုံဖော်မည့် ‘Now & Ever -ထာဝရနှောင်ကြိုး’ ရုပ်ရှင်ဇာတ်ကား၏ ကန်တော့ပွဲပေး အစီအစဉ်နှင့် မီဒီယာများအား မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ပိုင်းက ရန်ကုန်မြို့ Melia Hotel ၌ ပြုလုပ်ခဲ့သည်။ အဆိုပါအစီအစဉ်တွင် ပထမဦးစွာ ဇာတ်ကားအတွက် ကန်တော့ပွဲပေး အစီအစဉ်အား ပြုလုပ်ပြီးနောက် ဇာတ်ကား ထုတ်လုပ်မည့် Central Base Production မှ တာဝန်ရှိသူတစ်ဦးက ဇာတ်ကားနှင့် ပတ်သက်၍ မီဒီယာများအား မိတ်ဆက်ရှင်းလင်းခဲ့သည်။ ထို့နောက် ဇာတ်ကားတွင်ပါဝင်မည့် အနုပညာရှင်၊ အတတ်ပညာရှင်များက မီဒီယာများ သိလိုသည်များအား အသေးစိတ် မေးမြန်းခဲ့ကြသည်။

“ပထမတော့ တတိယမြောက် ဇာတ်ကားအနေနဲ့ သီတာကိုရိုက်ဖို့ စဉ်းစားထားပေမယ့် ဆင်ဆာကိုလည်း ကြောက်တာကြောင့် ဒီဇာတ်ကားကိုပဲ အရင်ရိုက်မယ်ဆိုပြီး ဆုံးဖြတ်ဖြစ်သွားတာပါ။ ဒီဇာတ်ကားက Pure Love ကို ပုံဖော်သွားမယ့် ဇာတ်ကားပါ။ အချစ်ဆိုတဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် စကားတွေအများကြီးနဲ့ ပြောပြီး ချစ်တယ်ဆိုတာထက် တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ မေတ္တာဆိုတာကို ဘေးကကြည့်တဲ့သူတောင် မြင်သာတာမျိုး၊ အခက်အခဲ ပြဿနာတစ်ခုခုနဲ့ ကြုံလာရတဲ့အချိန်မှာ ဒီနှစ်ယောက်က ဘယ်လို ဖြေရှင်းမလဲ၊ အိမ်ထောင်တစ်ခုမှာ ဖြစ်လာတတ်တဲ့ အခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဒီဇာတ်ကားမှာ မြင်တွေ့ရပါမယ်။ ပြင်ဆင်မှု အပိုင်းကတော့ ငါးလကျော်သွားပါပြီ။ ပါဝင်မယ့် သရုပ်ဆောင်တွေကို ကာရိုက်တာအရ အလိုက်ဖက်ဆုံးဖြစ်အောင် ရွေးချယ်ထားသလို Acting Coach နဲ့လည်း နှစ်ပတ်ကြာ ဆွေးနွေးစေပါတယ်။ ပြီးတဲ့အခါ ခရစ်(စ်)ကိုယ်တိုင်လည်း ပြောရမယ့် စကားတစ်ခွန်းချင်းစီ၊ ခံစားမှု တစ်ခုချင်းစီကအစ သူတို့ သရုပ်ဆောင်ရမယ့်အပေါ် သူတို့ဘယ်လို နားလည်ခံစားထားလဲ ဆိုတာကို Discuss လုပ်ပြီးပါပြီ။ ပရိသတ်တွေကလည်း ဒီဇာတ်ကားနဲ့ပတ်သက်လို့ အများကြီး မျှော်လင့်ထားသလို အရည်အသွေးပိုင်းနဲ့ ပတ်သက်လို့လည်း အများကြီး မြှင့်တင်သွားမှာပါ” ဟု ဒါရိုက်တာ ခရစ်(စ်)တီးနားခီက ဆိုသည်။

‘Now & Ever -ထာဝရနှောင်ကြိုး’ ရုပ်ရှင်ဇာတ်ကားတွင် ဇဏ်ခီ၏ ဇာတ်လမ်း ဇာတ်ညွှန်းကို ဒါရိုက်တာခရစ်(စ်)တီးနားခီက ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင်ဇဏ်ခီ၊ အကယ်ဒမီ ပိုင်ဖြိုးသု၊ မြင်စိုင်းသား အောင်အောင်၊ ခင်သဇင်၊ ဂျူးဂျူးကေ၊ ရဲနောင်ချို စသူတို့ပါဝင်မည်ဖြစ်သည်။

 

Most Read

Most Recent