တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် The Belt and Road အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ ဦးဆောင်ကော်မတီ ဖွဲ့စည်းပြီးဖြစ်ကြောင်း တရုတ်သံရုံးထုတ်ပြန်

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် The Belt and Road အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ ဦးဆောင်ကော်မတီ ဖွဲ့စည်းပြီးဖြစ်ကြောင်း တရုတ်သံရုံးထုတ်ပြန်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ နိုဝင်ဘာ ၂၆ ရက်က လက်ခံတွေ့ဆုံစဉ် (Photo – Myanmar State Counsellor Office)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ နိုဝင်ဘာ ၂၆ ရက်က လက်ခံတွေ့ဆုံစဉ် (Photo – Myanmar State Counsellor Office)
Published 29 November 2018
ဆန်းမိုးထွန်း

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် “The Belt and Road” အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အကြား ၂၀၁၇ ခုနှစ် နှစ်ကုန်က သဘောတူညီခဲ့သော “The Belt and Road” အဆိုပြုချက်အောက်၌ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ အရေးပါသော သဘောတူညီချက်ကို တစ်ဆင့်တက် လက်တွေ့အကောင်အထည် ဖော်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr.Ning Jizhe သည် နိုဝင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr.Ning Jizhe အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နိုင်ငံတော်ဗဟိုဘဏ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန စသည့်ဌာနများမှ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ချိတ်ဆက်ရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးကို လက်တွေ့တွန်းအားပေး ဖော်ဆောင်ရေး၊ ရန်ကုန်မြို့သစ် ဖော်ဆောင်ရေး စသည့် အရေးပါသောလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ကနဦး အကျိုးရလဒ်များ မြန်ဆန်စွာ ပေါ်ထွန်းလာရေး စသည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးဖလှယ်ခဲ့ကြပြီး သဘောတူညီချက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှအစပျိုး၍ မြန်မာနိုင်ငံ ရန်ကုန်နှင့် ကျောက်ဖြူသို့ ဖြာထွက်သွားသည့် စင်္င်္ကြံကို အဓိက ဒေသအဖြစ် သတ်မှတ်ထားသော နှစ်နိုင်ငံ ဘက်စုံစီးပွား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

နှစ်နိုင်ငံ အခြေခံအဆောက်အအုံ အပြန်အလှန် ချိတ်ဆက်ရေးနှင့် ကုန်ထုတ်စွမ်းရည်၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ ငွေရေးကြေးရေး၊ ခရီးသွားလာရေး၊ “ဒစ်ဂျစ်တယ် ပိုးလမ်းမကြီး”၊ နယ်စပ်စီးပွားရေးဇုန် စသည့် လုပ်ငန်းကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုနေထိုင်မှုဘဝ ကောင်းမွန်လာစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်၍ ဒေသအခြေအနေ တည်ငြိမ်ရေးကို အထောက်အကူပြုကာ တစ်ချိန်တည်း၌ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ၏ တံခါးဖွင့်လှစ် တိုးတက်ရေးကိုလည်း မြှင့်တင်မည်ဖြစ်ကြောင်း၊ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးသည် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်၏ အကျိုးစီးပွားနှင့် ကိုက်ညီပြီး အတူတကွ ဆွေးနွေးခြင်း၊ အတူတကွ တည်ထောင်ခြင်း၊ အတူတကွ မျှဝေခြင်းဟူသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည့်အပြင် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်နိုင်သော၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုနှစ် စက်တင်ဘာတွင် တရုတ်-မြန်မာ အစိုးရအကြား “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ” ကို လက်မှတ်ရေးထိုးပြီး စင်္ကြံပူးတွဲကော်မတီ ပထမအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကာလ အတွင်း၌ လူဦးရေ ၃၀၀ ခန့်တက်ရောက်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဖိုရမ် ကျင်းပခဲ့ကြောင်း တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လတ်တလောတွင် နှစ်နိုင်ငံအတူတကွ တွန်းအားပေး ဖော်ဆောင်နေသည့် အဓိက လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုများတွင် တိုးတက်မှုများရှိနေပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင် သဘောတူစာချုပ်၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု နားလည်မှုစာချွန်လွှာ စသည့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့သည့်အပြင် ရန်ကုန်မြို့သစ်၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးဇုန် စသည့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာစီးပွားစင်္ကြံ ပူးတွဲတည်ထောင်ရာတွင် နှစ်ဦးနှစ်ဖက်သည် “ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်နိုင်ခြင်း၊ အပြန်အလှန်လေ့လာ အတုယူခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း” ဟူသည့် ပိုးလမ်းမကြီးစိတ်ဓာတ်ကို အရင်းခံ၍ “အတူတကွ ဆွေးနွေးခြင်း၊ အတူတကွ တည်ထောင်ခြင်း၊ အတူတကွမျှဝေခြင်း” ဟူသည့် ပူးပေါင်းဆောင်ရွက်ရေးမူဝါဒကို လိုက်နာရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ လူမှုအဖွဲ့အစည်း နယ်ပယ်အသီးသီးမှ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးအပေါ် ထားရှိသည့် သဘောထားနှင့် အကြံပေးချက်များကို နားထောင်၍ အပြန်အလှန် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဂရုပြုမှုနှင့် သဘောထား အလေးထားခြင်းကို အခြေခံပြီး မြန်မာနိုင်ငံနှင့် တန်းတူညီမျှစွာ ဆွေးနွေးခြင်းဖြင့် စင်္ကြံပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းနှင့် ဖော်ဆောင်မည့် နည်းလမ်းများကို အတူတကွ အတည်ပြုရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုဖွဲ့စည်းပြီးဖြစ်သည့် “The Belt and Road” အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ ဦးဆောင်ကော်မတီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များလည်း ပါဝင်ကြောင်း သိရသည်။

 

Most Read

Most Recent