ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျွဲထိုးကျေးရွာ အပါအဝင် ရွာလေးရွာမှ လယ်သမား ၁၇၀ ကျော် နှစ်စဉ်တရားစွဲဆို ခံနေရသဖြင့် ဥပဒေကြောင်းအရ ဖြေရှင်းပေးစေလိုကြောင်း လယ်သမားများ ပြောကြား

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျွဲထိုးကျေးရွာ အပါအဝင် ရွာလေးရွာမှ လယ်သမား ၁၇၀ ကျော် နှစ်စဉ်တရားစွဲဆို ခံနေရသဖြင့် ဥပဒေကြောင်းအရ ဖြေရှင်းပေးစေလိုကြောင်း လယ်သမားများ ပြောကြား
Published 17 November 2018
သန်းလှိုင်(စစ်တွေ)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျွဲထိုးကျေးရွာ အပါအဝင် ကျေးရွာလေးရွာမှ လယ်သမား ၁၇၀ ကျော်နှစ်စဉ် တရားစွဲဆို ခံနေရသဖြင့် ဥပဒေကြောင်းအရ ဖြေရှင်းပေးစေလိုကြောင်း လယ်သမားများက  ပြောကြားသည်။

အဆိုပါ လယ်သမားများသည် ကွင်းအမှတ် ၆၀၉၊ စာကိုင်ကွင်း၊ ငှက်ကြီးကျွန်းဦးပိုင်အတွင်း ကျရောက်လျက်ရှိသော လယ်မြေများအတွင်း လုပ်ကိုင်စားသောက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း စားကျက်မြေ ကျူးကျော်သည် ဟုဆိုကာ တရားစွဲဆိုခံရခြင်းဖြစ်ကာ နှစ်စဉ်ပြစ်ဒဏ်ပေးခြင်းကိုလည်း ခံနေရကြောင်း၊ ပြစ်ဒဏ်ခံရပြီးနောက် လယ်ကိုပြန်လုပ်ကိုင်သဖြင့် ပြန်လည်တရားစွဲခံရခြင်း ဖြစ်ကြောင်းလည်း လယ်သမားများက ပြောဆိုကြသည်။

ယင်းနှင့်ပတ်သက်ပြီး လယ်သမား ဦးမောင်နီဝင်းက “ကျွန်တော်တို့ အဲဒီလယ်တွေကို တိုင်းမှူးမောင်အုန်း လက်ထက်က လယ်ယာမြေ ဖော်ထုတ်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆိုပြီးတော့ ဖော်ထုတ်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို အခုအချိန်ကျမှ စားကျက်မြေကို ကျူးကျော် လုပ်ကိုင်တယ်ဆိုပြီး တရားစွဲခံရတယ်။ ကျွန်တော်တို့က အဲဒီလယ်မြေတွေကိုလည်း မြေပုံရေးဆွဲထားတာရှိတယ်။ အဲဒီမြေပုံအတွက်လည်း ငွေကြေးပေးဆောင် ခဲ့ရတာရှိတယ်။ လေးငါးသိန်း ကုန်ကျခံဆွဲခဲ့ရတယ်။ အဲဒီမြေပုံကလည်း မသေချာဘူး ဖြစ်နေတယ်။ လယ်ယာမြေကို စတင်လုပ်ကိုင်ခွင့်ရတာက ၂၀၀၃-၀၄ မှာဖြစ်တယ်။ စတင်ပြီး အရေးယူခံရတာက ၂၀၁၄ ကတည်းကပေါ့။ မြေခွန်ပြေစာလည်းထွက်တယ်၊ ဘဏ်ချေးငွေတွေကိုလည်း ကျွန်တော်တို့ ရခဲ့ပါတယ်။ ဒါပေမဲ့ တရားစွဲတဲ့နှစ်ကစပြီး မြေခွန်ပြေစာ ထုတ်မပေးတော့ဘူး။ ဒီလယ်မြေတွေကို လုပ်ကိုင်စားသောက်နေတာ လယ်သမား ၃၂ ဦးရှိတယ်။ ကျွန်တော်တို့ကို မြေခွန်မဆောင်ဆိုပြီး ထွေအုပ်က တရားစွဲတယ်၊ ဒုဦးစီးတစ်ယောက်က စပြီးစွဲတယ်ပေါ့။ ဒီနှစ်ထဲမှာ စပြီးစွဲတာ ဖြစ်ပါတယ်။ စက်တင်ဘာလကစပြီး အမှုကို ရင်ဆိုင်နေရတယ်” ဟု ပြောကြားခဲ့သည်။

ယင်းလယ်မြေများကို လုပ်ကိုင်ရခြင်းမှာလည်း တခြားလုပ်စရာ မရှိသည့်အတွက် လယ်များကို ဆက်လက် လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း၊ မိသားစုများနှင့် ကျောင်းနေအရွယ် ကလေးငယ်များအတွက် စားဝတ်နေရေး ကိစ္စရပ်များအတွက် လယ်မလုပ်ပါက အဆင်မပြေသည့်အတွက် ထိုသို့လုပ်နေရခြင်း ဖြစ်ကြောင်းလည်း သိရှိရပြီး ပြစ်ဒဏ်ပေးခံရသူများတွင် အသက် ၆၀ မှ ၈၀ အထိ ပါဝင်ကြောင်းကိုလည်း သိရသည်။

တောင်သူလယ်သမားများ ဥပဒေကွန်ရက်မှ ဦးကျော်ထွီးက “နိုင်ငံတော်ကနေ စားကျက်နဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ ဥပဒေရှိထားပြီးသား ဖြစ်တယ်။ ဒါကြောင့် ဥပဒေနဲ့အညီ ဖြစ်စေချင်တယ်။ ဖမ်းဆီးထောင်ချတာမျိုးတွေ မဖြစ်စေချင်ဘူး။ ၁၈၇၆ ဥပဒေအရ ဆိုလို့ရှိရင် ၁၂ နှစ်ကျော်လုပ်စားနေတဲ့ တောင်သူကို အရေးယူလို့မရဘူး။ မဆလခေတ်ကတောင် တောင်သူကို ဖမ်းဆီး ထောင်ချတာမျိုး မရှိဘူး။ အခုဒီမိုကရေစီ အစိုးရလက်ထက်ကျမှ ဖမ်းဆီးထောင်ချမှုတွေ လုပ်လာတယ်။ ဥပဒေနဲ့ မညီတာတွေ လုပ်လာတယ်။ ဥပဒေရှိပါလျက်နဲ့ အရေးယူ ဖမ်းဆီးမှုတွေ များလာတယ်။ နောက်ပြီး စားကျက်မြေဆိုပြီး တိုင်းတာတာလည်း မရှိဘူး။ ငုတ်တိုင်စိုက်တာလည်း မရှိဘူး။ ဒါကြောင့် ပြန်လည်စိုက်ထူ ပေးစေချင်ပါတယ်။  ပြီးတော့ ဒီတစ်ရွာတည်းက စားကျက်မြေကိုပဲ ဘာလို့အရေးယူတာလဲ။ တခြားရွာတွေ အများကြီးရှိတယ်။ မြေတိုင်းတွေက မမြင်တာလား ဆိုတာလည်း စဉ်းစားလို့မရဘူး။ ဒါကြောင့် ဥပဒေအနဲ့အညီ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။      

 

Most Read

Most Recent