Skynet ရုံးချုပ်အခြေစိုက်သည့် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ မေယုအိမ်ရာဆောက်လုပ်ထားသော သိမ်းဆည်းခံ မြေယာများအတွက် ဒီဇင်ဘာလကုန်တွင် နစ်နာကြေးမရပါက တိုင်းအစိုးရရုံးရှေ့တွင် သပိတ်စခန်းဖွင့်ရန် စဉ်းစားထားဟု မြေသိမ်းခံရသူများ ပြောကြား

Skynet ရုံးချုပ်အခြေစိုက်သည့် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ မေယုအိမ်ရာဆောက်လုပ်ထားသော သိမ်းဆည်းခံ မြေယာများအတွက် ဒီဇင်ဘာလကုန်တွင် နစ်နာကြေးမရပါက တိုင်းအစိုးရရုံးရှေ့တွင် သပိတ်စခန်းဖွင့်ရန် စဉ်းစားထားဟု မြေသိမ်းခံရသူများ ပြောကြား
မြေယာသိမ်းဆည်းခံရသူများ နိုဝင်ဘာ ၁၄ ရက်က ဆန္ဒထုတ်ဖော်နေစဉ်
မြေယာသိမ်းဆည်းခံရသူများ နိုဝင်ဘာ ၁၄ ရက်က ဆန္ဒထုတ်ဖော်နေစဉ်
Published 14 November 2018
နေမျိုးဝင်း

Skynet ရုံးချုပ်အခြေစိုက်သည့် ဗိုလ်တထောင်မြို့နယ် အတွင်းရှိ မေယုအိမ်ရာ ဆောက်လုပ်ထားသည့် သိမ်းဆည်းခံ မြေယာများအတွက် ဒီဇင်ဘာလကုန်တွင် နစ်နာကြေးမရပါက တိုင်းအစိုးရရုံးရှေ့တွင် သပိတ်စခန်းဖွင့်ရန် စဉ်းစားထားဟု သိမ်းဆည်းခံ မြေယာပိုင်ရှင်များက ပြောကြားသည်။

Skynet ရုပ်သံဌာန ရုံးချုပ်အခြေစိုက်ရာ ဗိုလ်တထောင်မြို့နယ် အတွင်းရှိ မေယုအိမ်ရာ အပါအဝင် တပ်မတော်က သိမ်းယူထားသည့် မြေယာများအတွက် လျော်ကြေးပေးရန် မြေပိုင်ရှင်တွေက အိုးအိမ်ဦးစီးဌာန ရုံးရှေ့တွင် နိုဝင်ဘာ ၁၄ ရက်က လူအင်အား ၇၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း လက်ထက်မှာ ထုတ်ထားတာ လမ်းမတန်းကို သုံးသိန်းခွဲ တစ်ပေပတ်လည်၊ လမ်းလယ်ကို နှစ်သိန်းခွဲ၊ နံပါတ်လမ်း လမ်းကျဉ်းကို တစ်သိန်းခွဲ သတ်မှတ်ထားတယ်။ အနည်းဆုံး တစ်သိန်းခွဲနဲ့ လျော်မယ်ဆိုရင် ကျွန်တော်တို့က လက်ခံတယ်။ ဒါကိုလည်း ကျွန်တော်တို့နဲ့ ညှိနှိုင်းဖို့ လိုတယ်။ သူတို့သဘောနဲ့သူတို့ ပေးမယ်ဆိုရင် ကျွန်တော်တို့က လက်မခံဘူး။ ဆက်ပြီး ဆန္ဒပြမှာ။ ဒီတစ်ကြိမ်မှ ထပ်ပြီး ၁၂ လပိုင်းကို ကျော်သွားရင်တော့ ကျွန်တော်တို့က အစိုးရရုံးရှေ့မှာ ဆန္ဒပြမယ်။ သပိတ်စခန်းတောင် ဖွင့်ချင်ဖွင့်မယ်။ ဒါ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ပဲ” ဟု ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုမှာ ၂၉ ကြိမ်မြောက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အကြိမ်ရေ ၂၀ ခန့်နှင့် ယခု NLD အစိုးရလက်ထက်တွင် ကိုးကြိမ်ခန့်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် အိုးအိမ်ဦးစီးဌာနမှ ကျန်ရှိနေသေးသော မြေပိုင်ရှင် ၃၀ ကို လျော်ကြေး နစ်နာကြေး အမြန်ဆုံး ပြန်ပေး ဒို့အရေး၊ အိုးအိမ်မှ သိမ်းဆည်းထားသော 9L2 မြေပိုင်ရှင်များကို လျှော်ကြေး နစ်နာကြေး အမြန်ဆုံးပြန်ပေး ဒို့အရေး၊ စိစစ်ပြီးဆုံးနေသော မြေပိုင်ရှင်များကို အိုးအိမ်ဦးစီးဌာနနှင့် ၆၅၆ စစ်တပ်မှလျော်ကြေး နစ်နာကြေး အမြန်ဆုံးပြန်ပေး ဒို့အရေး၊ ၆၅၆ စစ် တပ်မှ မြေပိုင်ရှင် ၇၀ ဦးကို လျော်ကြေးနစ်နာ ကြေးအမြန်ဆုံးပြန်ပေး ဒို့အရေး၊ မူလနှစ် ၉၀ ဂရန်မြေပိုင်ရှင်များကို သတ်မှတ်ထားသော ကာလတန်ကြေးအတိုင်း လျော်ကြေးပေးရေး ဒို့အရေး၊ ၂၀၁၈ ခုနှစ်အတွင်း သမ္မတကြီး ပြောကြားသည့်အတိုင်း လျော်ကြေးနစ်နာကြေး အမြန်ဆုံးရရှိရေး ဒို့အရေး စသည်တို့ကို ကြွေးကြော်ခဲ့သည်။

“ဟိုတစ်ခါ ဝိုင်အမ်စီအေခန်းမမှာ အစည်းအဝေးလုပ်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေတက်တယ်။ ကျွန်တော်တို့ကို ၉ လပိုင်းမှာ လျော်ပေးမယ်။ ငွေရေးကြေးရေးလည်း အဆင်သင့်ရှိတယ်။ တောင်းရုံပဲလို့ ကျွန်တော်တို့ကိုပြောတယ်။ ဒါပေမဲ့ အခု ၁၂ လပိုင်း ပြန်ပြောင်းတယ်။ အဲဒီတော့ ဌာနဆိုင်ရာတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေက လူကြီးတွေဖြစ်ပြီး ကတိမတည်ဘူးလား။ ပြည်သူကို လှည့်ဖျားနေတာလား” ဟု ဦးမြင့်အောင်က ဆက်လက်ပြောကြားသည်။

ဗိုလ်တထောင်မြို့နယ်မှ မြေယာသိမ်းဆည်းခံရသူများက ၎င်းတို့၏မြေများကို  ၁၉၄၇ တွင် ကာကွယ်ရေး ဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးမှ ၁၉၆၄ ခုနှစ်အထိ တရားဝင် ငှားရမ်းသုံးစွဲခဲ့ကြောင်း၊ ယင်းနောက်  မူလမြေပိုင်ရှင်များကို လွှဲပြောင်းမပေးခဲ့ဘဲ အိုးအိမ်ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ အိုးအိမ်ဦးစီးဌာနမှ တစ်ဆင့်ထောက်ပံ့ရေးနှင့် သမဝါယမဌာန၊ ကုန်သွယ်ရေး ဝန်ကြီးဌာနသို့ ဆက်လက်ဌားရမ်း သုံးစွဲခွင့် ပြုခဲ့ကြကြောင်း ငှားရမ်းခများကို တရားဝင်ပေးချေ ခဲ့ကြသောကြောင့် မြေပိုင်ရှင်များ အနေဖြင့် ၁၉၉၄ ခုနှစ် ဇွန်လအထိ ငှားရမ်းခများ ရရှိခဲ့ကြောင်း၊ ဇွန် ၃၀ ရက်တွင် နိုင်ငံတော်ပိုင်မြေအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း၊ ယင်းနောက် အိုးအိမ်ဦးစီးဌာနက ၂၀၁၆ ခုနှစ် ဇွန်လကုန်ပိုင်းတွင် မြေပိုင်ရှင် ၂၇၇ ဦး အတွက် ဥပဒေနှင့်အညီဟုဆိုကာ နစ်နာလျော်ကြေးအနေဖြင့် တိုက်ခန်းတစ်ခန်းနှင့် တစ်ပေပတ်လည်ကို လေးသောင်းနှုန်းဖြင့် လျော်ကြေးပြန်လည် ပေးခဲ့သော်လည်း ကျန်သူများမှာ ယနေ့အထိ မရရှိသေးကြောင်း အလားတူ ၆၅၆ တပ်အတွင်းမှ မြေများကို ပိုင်ဆိုင်သူများဖြစ်သည့် မြေပိုင်ရှင်များမှာလည်း လျော်ကြေး နစ်နာကြေးများ မရရှိသေးကြောင်း အစရှိသည့် အကြောင်းအရာများအား နိုင်ငံတော်သမ္မတရုံး၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အခြားသက်ဆိုင်ရာ ဌာနများသို့ ပေးပို့ထားကြောင်း သိရသည်။                           

 

Most Read

Most Recent