ဇူလိုင်လအတွင်း ရန်ကုန်တိုင်းအတွက် စားအုန်းဆီခွဲတမ်းများတိုးမြှင့်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ပြီးခဲ့သည့် လပိုင်းက ရန်ကုန်တိုင်းအတွက် စားအုန်းဆီခွဲတမ်းများကို လျှော့ချခဲ့ရာမှ ယခုလာမည့်အပတ်တွင် ခွဲတမ်းများကို ပြန်လည်တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
" ဆီက ခွဲတမ်းပြန်တိုးပေးထားတယ်။ နောက် သုံးလေးရက်လောက်ဆို ဈေးကွက်ထဲမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ" ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်းအတွက် စားအုန်းဆီခွဲတမ်းကို တန်ချိန် ၆၀၁၅ သတ်မှတ်ခဲ့ပြီးနောက် လာမည့်အပတ်မှ စတင်ကာ တန်ချိန် ၁၂၀၀၀ ကျော်အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီခွဲတမ်းများ လျှော့ချခဲ့သဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက ဈေးကွက်အတွင်း စားအုန်းဆီပြင်ပပေါက်ဈေးမှာ ကျပ် တစ်သောင်းခွဲကျော်အထိ မြင့်တက်ခဲ့သည်။
" ဈေးက တက်သွားတယ်။ အရင်တုန်းက တစ်ပိဿကို တစ်သောင်းမကျော်ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက တစ်သောင်းခြောက်ထောင်နဲ့ ဝယ်လိုက်ရတယ်။ မဝယ်လို့လည်း မရဘူး။ ဒီဆီမှ မရှိရင် လုပ်ငန်းအတွက် အဆင်မပြေတော့ဘူးလေ" ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ လဘက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ဈေးကွက်အတွင်း စားအုန်းဆီခွဲတမ်းများ တိုးမြှင့်ချထားပေးမည်ဖြစ်သဖြင့် ဆီဈေးနှုန်းများလည်း ကျဆင်းလာမည်ဖြစ်ကြောင်း ဆီဈေးကွက်အတွင်းမှ သိရသည်။
" ဆီတွေ ပြန်ရလာရင် ဈေးတွေကျမှာပါ။ နောက် သုံးလေးရက်လောက်ဆို ဈေးကွက်ထဲကိုလည်း ဆီတွေဝင်လာမှာ " ဟု ဆီအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောကြားသည်။
ဇူလိုင် ၁၂ ရက်က နေပြည်တော် တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့အား ဇူလိုင်လအတွင်း စားအုန်းဆီ တိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် အစည်းအဝေးကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးတွင် ပြုလုပ်ခဲ့သည်။
ဇူလိုင်လအတွက် တိုးမြှင့်တန်ချိန်ပမာဏအား တိုင်းဒေသကြီး အသီးသီးရှိ စားသုံးသူပြည်သူများထံသို့ အချိန်မှီရောက်ရှိရေး၊ ကုမ္ပဏီမှ ခန့်အပ်ထားသော ဒေသဆိုင်ရာ လက်ကား၊လက်လီကိုယ်စားလှယ်များ အချိန်နှင့်တပြေးညီ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းအမြန်ဆုံးဖြန့်ဖြူး၊ ရောင်းချပေးနိုင်ရေး၊ ရန်ကုန်တိုင်းရှိ ဆီသိုလှောင်ကန် အသီးသီးမှ ဆီထုတ်ယူပြီး အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေး အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။















