လာမယ့်နွေရာသီမှာ ဘာနာဒိုဆေးလ်ဗား အသင်းက ထွက်ခွာတော့မှာဖြစ်ကြောင်း မန်စီးတီးလက်ထောက်နည်းပြ အတည်ပြု

လာမယ့်နွေရာသီမှာ ဘာနာဒိုဆေးလ်ဗား အသင်းက ထွက်ခွာတော့မှာဖြစ်ကြောင်း မန်စီးတီးလက်ထောက်နည်းပြ အတည်ပြု
Photo: X
Photo: X
Published 6 April 2026

မန်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြ ပက်လန်ဒါစ်က ပေါ်တူဂီကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ လာမယ့်နွေရာသီမှာ အသင်းက ထွက်ခွာတော့မှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

အသက်(၃၁)နှစ်ရှိပြီဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားက လာမယ့်နွေရာသီမှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လမ်းခွဲဖို့ စီစဉ်နေကြောင်း အစောပိုင်းကတည်းက သတင်းထွက်ပေါ်နေပေမဲ့ မန်စီးတီးအသင်းတာဝန်ရှိသူတွေရဲ့ အတည်ပြုမှုကတော့ အခုမှ ထွက်ပေါ်လာခဲ့တာပါ။

''ဘာနာဒိုဆေးလ်ဗားက ပြိုင်ဘက်ကင်းတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့နေရာကို အစားထိုးဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ လှပတဲ့ပုံပြင်တိုင်းမှာ ဇာတ်သိမ်းခန်း ရှိစမြဲပါပဲ။ နောက်ဆုံးလတွေမှာ သူ ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်။ အဲဒါက (၆)ပတ်လောက်ပဲ ရှိပါတော့တယ်။ သူ့ကို နှုတ်ဆက်ရမယ့်ကာလပါပဲ'' လို့ ပက်လန်ဒါစ်က ပြောကြားခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပြီး မန်စီးတီးအသင်းမှာ ပြိုင်ပွဲစုံ ပွဲ(၄၅၀)ကစားပြီး (၇၆)ဂိုး သွင်းယူထားပါတယ်။

လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ဘာနာဒိုဆေးလ်ဗားကို ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ မေဂျာလိဂ်ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအသင်းမှာ ပျော်ရွှင်နေပေမဲ့ ဇနီးဖြစ်သူက အင်္ဂလန်ထက် ရာသီဥတု ပိုသာယာတဲ့နေရာမှာ နေထိုင်ချင်တာကြောင့် မန်စီးတီးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Most Read

Most Recent