အရှေ့အလယ်ပိုင်းဒေသတွင် ဖွင့်လှစ်ထားသည့် အမေရိကန်တက္ကသိုလ်များကို ပစ်မှတ်ထားတိုက်ခိုက် သွားမည်ဟု အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က မတ် ၂၉ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။
အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်ရှိ တက္ကသိုလ်နှစ်ခု ပျက်စီးသွားခဲ့ကြောင်း IRGC က ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။
"တကယ်လို့ အမေရိကန်အစိုးရအနေနဲ့ ဒေသတွင်းမှာရှိတဲ့ အမေရိကန်တက္ကသိုလ်တွေကို လက်စားချေ တိုက်ခိုက်မှုတွေကနေ ကင်းဝေးစေချင်တယ်ဆိုရင် မတ် ၃၀ ရက် အီရန်စံတော်ချိန် နေ့လယ် ၁၂ နာရီထက် နောက်မကျဘဲ အီရန်ကတက္ကသိုလ်တွေ ဗုံးကြဲခံရမှုကို တရားဝင်ထုတ်ပြန်ချက်နဲ့ ပြစ်တင်ရှုံ့ချရပါမယ်" ဟု အီရန်မီဒီယာများက ဖော်ပြသော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဒေသတွင်းရှိ အမေရိကန်တက္ကသိုလ်များမှ ဝန်ထမ်းများ၊ ပါမောက္ခများ၊ ကျောင်းသားများနှင့် ကျောင်းဝန်းကျင်အနီးတစ်ဝိုက်တွင် နေထိုင်သူများအနေဖြင့် တက္ကသိုလ်နယ်မြေများနှင့် ၁ ကီလိုမီတာခန့် အကွာအဝေးတွင်နေထိုင်ကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ကာတာနိုင်ငံရှိ Texas A&M တက္ကသိုလ် နှင့် ယူအေအီးရှိ New York တက္ကသိုလ်တို့ကဲ့သို့ အမေရိကန်တက္ကသိုလ် အများအပြားသည် ပင်လယ်ကွေ့နိုင်ငံများတွင် ဖွင့်လှစ်ထားသည်။
မတ် ၂၇ ရက်ညပိုင်းမှ မတ် ၂၈ ရက်တွင် တီဟီရန်မြို့တော်ကို ထိမှန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ ကြောင့် အီရန်၏ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်အပါအဝင် အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
Ref: AFP, Photos- ATM/ NYU














