ဟော်မုဇ်ရေလက်ကြားအနီး ထိုင်းအလံတင် ကုန်တင်သင်္ဘောတစ်စင်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လက်ရှိတွင် သင်္ဘောသား ၂၀ ကို ကယ်ဆယ်ထားကာ ကျန်သင်္ဘောသားသုံးဦးက အခြေအနေကို စစ်ဆေးနေစဉ် သင်္ဘောပေါ်၌ပင် ရှိနေသေးသည်ဟု ထိုင်းရေတပ်တာဝန်ရှိသူများက မတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဘန်ကောက်အခြေစိုက် Precious Shipping ကုမ္ပဏီမှ MAYUREE NAREE အမည်ရှိ အဆိုပါသင်္ဘောသည် အိုမန်နိုင်ငံအနီးရေပြင်တွင် ခုတ်မောင်းနေစဉ် သင်္ဘောနောက်ပိုင်းကို ထိမှန်တိုက်ခိုက်ခံခဲ့ရသည်။
ထိုင်းရေတပ်၏ပြောကြားချက်အရ ဘာရိန်းနိုင်ငံတွင် အခြေစိုက်သည့် ထိုင်းရေတပ်သားများက သင်္ဘောပေါ်လိုက်ပါလာသည့် သင်္ဘောသား ၂၃ ဦးကို ကူညီကယ်ဆယ်နိုင်ရန် အိုမန်အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။သေဆုံးသူ တစ်ဦးမှမရှိဟုလည်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
တိုက်ခိုက်သည့်အကြောင်းရင်းနှင့် မည်သူ့လက်ချက်ဖြစ်သည်ကို သက်ဆိုင်ရာအာဏာပိုင်များက ဆက်လက်စစ်ဆေးနေသည်ဟု ထိုင်းရေတပ်ကပြောသည်။
MarineTraffic ၏ သင်္ဘောသွားလာမှု အချက်အလက်များအရ အဆိုပါသင်္ဘောသည် ယူအေအီးနိုင်ငံ ၊ ဒူဘိုင်းမြို့မှထွက်ခွာလာပြီး အိန္ဒိယသို့ ဦးတည်ခုတ်မောင်းနေခြင်းဖြစ်သည်။
ရေကြောင်းလုံခြုံရေး အေဂျင်စီများ၏ ယနေ့အဆိုအရ ဟော်မုဇ်ရေလက်ကြားအတွင်း ထိုင်းသင်္ဘောအပါအဝင် တိုက်ခိုက်ခံရသည့်သင်္ဘော သုံးစင်းရှိသည်။ အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ဖြစ်နေသရွေ့ ဟော်မုဇ်ရေလက်ကြားက ဘေးကင်းလိမ့်မည်မဟုတ်ဟုလည်း အီရန်က သတိပေးထားသည်။















