■ အီလက်ထရောနစ်စီးကရက်၊ ဘက်ထရီ၊ အားသွင်းစက်၊ အားသွင်းကြိုး အပါအဝင် ဆက်စပ်ပစ္စည်း ၃၀ ကျော်အား အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ပြီး ယင်းပစ္စည်းများကို သိုလှောင်ဖြန့်ဖြူးရောင်းဝယ်ပါက အရေးယူမည်

■ အီလက်ထရောနစ်စီးကရက်၊ ဘက်ထရီ၊ အားသွင်းစက်၊ အားသွင်းကြိုး အပါအဝင် ဆက်စပ်ပစ္စည်း ၃၀ ကျော်အား အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ပြီး ယင်းပစ္စည်းများကို သိုလှောင်ဖြန့်ဖြူးရောင်းဝယ်ပါက အရေးယူမည်
Published 21 February 2026

အီလက်ထရောနစ်စီးကရက်၊ ဘက်ထရီ၊ အားသွင်းစက်၊ အားသွင်းကြိုး အပါအဝင် ဆက်စပ်ပစ္စည်း ၃၀ ကျော်အား အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ပြီး ယင်းပစ္စည်းများကို သိုလှောင်ဖြန့်ဖြူးရောင်းဝယ်ပါက အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) အရ ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်စွဲပါ အမိန့်အမှတ် ၂ / ၂၀၂၆ ဖြင့် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၉ အရ ဤအမိန့်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဖော်ပြပါကုန်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်ကြောင်း၊ ယင်းကုန်စည်များမှာ (က) အီလက်ထရောနစ်အငွေ့ရှစက် (Electronic Smoking Device) ဖြစ်သည့် အီလက် ထရောနစ်စီးကရက် (Electronic Cigarette)၊ ယင်းအီလက်ထရောနစ်စီးကရက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများဖြစ်သည့် အငွေ့ရှူတံ (Mouthpiece)၊ ဓာတုဗေဒဆေးရည် (E-liquid) ထည့်သည့်ပစ္စည်းများ (Reservoir, Cartridge, Tank, Pod, .etc)၊ အငွေ့ထွက်စေသော အပူပေးကိရိယာ (Atomizer)၊ မိုက်ခရိုပရိုဆက်ဆာ (Microprocessor)၊ ဘက်ထရီ(Battery)၊ အားသွင်းစက် (Charger)၊ အားသွင်းကြိုး (Charging Cable)၊ နီကိုတင်း ပါဝင်သော ဓာတုဗေဒဆေးရည် သို့မဟုတ် နီကိုတင်း မပါဝင်သော ဓာတုဗေဒဆေးရည် (အနံ့အရသာရှိပါက ပူးတွဲလျက်)၊ အနံ့အရသာရှိသော ပစ္စည်းများ၊ ပစ္စည်းထည့်သည့် အိတ် (Carrying Case)၊ သန့်ရှင်းရေးပြုလုပ်သည့်ပစ္စည်း (Cleaning Tool) အခြားဆက်စပ်ပစ္စည်း စသည်တို့ဖြစ်ကြောင်း သိရသည်။

အလားတူ အပူပေးအငွေ့ရှူစက် (Heated Smoking Device)၊ ယင်းအပူပေးအငွေ့ရှူစက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများဖြစ်သည့် အငွေ့ထွက်စေသည့် အရာဝတ္ထုအား အပူပေးရန် ထည့်သည့်ပစ္စည်း (Holder)၊ အငွေ့ထွက်စေသည့် အရာဝတ္ထုအား အပူပေးရန် ထည့်သည့်ပစ္စည်း (Holder) ၏ အပြင်ခွံ (Casing)၊ အပူပေးဘလိတ်ပြား (Heating Blade)၊ အပူပေးကွိုင် (Heating Coil)၊ အပူပေးအိုး (Heating Oven)၊ ဓာတုဗေဒဆေးရည် (E-liquid) (အနံ့အရသာရှိပါက ပူးတွဲလျက်)၊ အနံ့အရသာရှိသော ပစ္စည်းများ၊ ပစ္စည်းထည့်သည့်အိတ် (Carrying Case)၊ သန့်ရှင်းရေးပြုလုပ်သည့်ပစ္စည်း(Cleaning Tool)၊ အခြားဆက်စပ်ပစ္စည်း စသည်တို့ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး အီလက်ထရောနစ်အငွေ့ရှူစက် (Electronic Smoking Device) ဖြစ်သည့် အီလက်ထရောနစ်ရှီရှား (Electronic Shisha)၊ ယင်းအီလက်ထရောနစ်ရှီရှားကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများဖြစ်သည့် အငွေ့ရှူပိုက် (Hose)၊ အငွေ့ဖြတ်သွားရန် ရေ သို့မဟုတ် အခြားအရည်တစ်မျိုးမျိုးထည့်သည့်အိုး (Vase)၊ လေလုံစေရန် အသုံးပြုရသည့် ရော်ဘာ သို့မဟုတ် ဆီလီကွန် သို့မဟုတ် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့်ပစ္စည်း (Grommet)၊ ဓာတုဗေဒဆေးရည် (E-liquid) ထည့်သည့်ပစ္စည်း (Reservoir,Cartridge, Tank, Pod,.etc)၊ နီကိုတင်း ပါဝင်သော ဓာတုဗေဒဆေးရည် သို့မဟုတ် နီကိုတင်း မပါဝင်သော ဓာတုဗေဒဆေးရည် (E-liquid) ၊ သကာရည် (Molasses) နှင့် အခြားအရည်များ (အနံ့အရသာရှိပါက ပူးတွဲလျက်)၊ အနံ့အရသာရှိသော ပစ္စည်းများ၊ အငွေ့ထွက်စေသော အပူပေးကိရိယာ(Atomizer)၊ မိုက်ခရိုပရိုဆက်ဆာ (Microprocessor) သို့မဟုတ် ကွန်ပျူတာ(Computer)၊ အငွေ့စီးဆင်းမှုအာရုံခံကိရိယာ (Flow Sensor)၊ ပစ္စည်းထည့်သည့်အိတ် (Carrying Case)၊ သန့်ရှင်းရေးပြုလုပ်သည့်ပစ္စည်း (Cleaning Tool) နှင့် အခြားဆက်စပ်ပစ္စည်း စသည်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်စည်များကို မည်သူမဆို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းပြုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

Most Read

Most Recent