■ ပြည်ခိုင်ဖြိုးပါတီနှင့် ဘယ်လာရုစ်နိုင်ငံ ဘယ်လာယာရပ်စ်ပါတီအကြား ပါတီချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ လက်မှတ်ရေးထိုး

■ ပြည်ခိုင်ဖြိုးပါတီနှင့် ဘယ်လာရုစ်နိုင်ငံ ဘယ်လာယာရပ်စ်ပါတီအကြား ပါတီချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ လက်မှတ်ရေးထိုး
Published 22 January 2026

ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီနှင့် ဘယ်လာရုစ်နိုင်ငံ ဘယ်လာယာရပ်စ်ပါတီအကြား ပါတီချင်းပူး​ပေါင်း​ဆောင်ရွက်​ရေးဆိုင်ရာ လုပ်ငန်းစဉ်များ လက်မှတ်​ရေးထိုးပွဲကို ယ​နေ့(ဇန်နဝါရီ ၂၂ ရက်)တွင် ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လက်မှတ်​ရေးထိုးပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီနှင့် ပါတီဒုတိယဥက္ကဌများဖြစ်သည့် ဦးလှထွန်း၊ ဦးမြတ်ဟိန်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦး​​မောင်မြင့်၊ ဦးခင်​မောင်စိုး၊ ဦး​အောင်စိုးတို့ တက်​ရောက်ပြီး ဘယ်လာယာရပ်စ်ပါတီဥက္ကဌ H.E.Ms Olga Chemodanova ဦးဆောင်သော ရွေးကောက်ပွဲအပိုင်း(၃)လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်​ရောက်ခဲ့သည်။

​တွေ့ဆုံပွဲတွင် နှစ်ဖက်ပါတီတာဝန်ရှိသူများသည် ဦးစွာသီးခြား​တွေ့ဆုံဆွေး​နွေးခဲ့ပြီး​နောက် ပါတီနှစ်ရပ်အကြား ပူး​ပေါင်း​ဆောင်ရွက်​ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီနှင့် ဘယ်လာယာရပ်စ်ပါတီဥက္ကဌ H.E.Ms Olga Chemodanova တို့က လက်မှတ်​ရေးထိုးလဲလှယ်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဘယ်လာယာရပ်စ်ပါတီတို့သည် နှစ်ပါတီ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးခင်ရီသွား​ရောက်ခဲ့သည် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်အတွင်း ၂၀၂၅ ခုနှစ် ​မေ ၁၆ ရက်က မင့်စ်မြို့၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီက"အကြမ်းဖျင်းအားဖြင့် ကျွန်တော်တို့က နိုင်ငံတော်အစိုးရမဟုတ်ဘူးလေ။ နိုင်ငံရေးပါတီဆိုတော့ နိုင်ငံရေးပါတီနှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်ရေးပေါ့။ ဥပမာအားဖြင့် လူငယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသမီးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မီဒီယာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အဆင့်ဆင့်သောပါတီဝင်များပေါ့။ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်သော ပါတီဝင်များ အပြန်အလှန် အမြင်ချင်းဖလှယ်ရေးစတဲ့ အချက်တွေ၊ အဲဒီတော့နှစ်နိုင်ငံပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ဘဲနဲ့ နှစ်နိုင်ငံရဲ့တည်ဆဲဥပဒေတွေကို လိုက်နာခြင်းအားဖြင့်ဆိုတဲ့အချက်ကို မူတည်ပြီးမှ (၂၀၂၅ ခုနှစ် မေလအတွင်းက)လက်မှတ်ထိုးခဲ့တယ်" ဟု ​ပြောကြားသည်။

ယင်းသို့ လက်မှတ်​​ရေးထိုးခဲ့သည့်သဘောတူညီချက်အပေါ် အကောင်အထည်ဖော်မည့် Roadmap ပါ လုပ်ငန်းစဉ်များအား ယခုဆက်လက်၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

"လက်မှတ်ထိုးထားတဲ့ MoU ကလုပ်ငန်းတွေအ​ကောင်အထည်ဖော်နိုင်ရေးဆွေးနွေးတာပေါ့။ လူငယ်ကဏ္ဍပူးပေါင်းဆောင်ရွက်ဖို့အတွက်၊ သူတို့က နွေဦးရာသီပေါ့ဗျာ။ ဒီချိန်မှာအေးတာပေါ့။ နွေဦးရာသီကစပြီးတော့ လူငယ်တွေအချင်းချင်းနှီးနှောဖလှယ်ပွဲတွေလုပ်ဖို့၊ အွန်လိုင်းအချင်းချင်းလုပ်ဖို့၊ လူအချင်းချင်းတွေ့ဖို့ ပြန်လှန်လည်ပတ်ဖို့ကိစ္စတွေ ဆွေးနွေးတယ်။ ကျွန်တော်တို့ MoU မှာပါတဲ့အချက်အလက်တွေကို ပြန်ပြီးတော့ အသေးစိတ်ဆွေးနွေးတာပေါ့၊ သို့သော်လည်း အချိန်ကာလသတ်မှတ်ချက်တော့ ချလို့မရဘူး။ အခြေအနေအချိန်ခါပေါ်မူတည်ပြီးပြောင်းသွားမယ့် သဘောပေါ့"ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီက​ ​​ပြောကြားသည်။

ဘယ်လာယာရပ်စ်ပါတီသည် ဘယ်လာရုစ်နိုင်ငံတွင် လက်ရှိအာဏာရပါတီဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ​ရွေး​ကောက်ပွဲအပိုင်း(၃)တွင် ​လေ့လာရန်​ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

Most Read

Most Recent