အက်စတွန်ဗီလာအသင်းဟာ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲစုံအိမ်ကွင်းနိုင်ပွဲဆက်စံချိန်က (၁၁)ပွဲမှာ အဆုံးသတ်ခဲ့ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ သြဂုတ်လက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အဲဗာတန်နဲ့ပွဲ မတိုင်ခင်အထိ အိမ်ကွင်း(၁၁)ပွဲဆက် အနိုင်ရခဲ့တာပါ။
အက်စတွန်ဗီလာအသင်း အနိုင်ရခဲ့တဲ့ ပြိုင်ဘက်တွေက ဘိုလော့ဂ်နာ၊ ဖူလ်ဟမ်၊ ဘန်လေ၊ မန်စီးတီး၊ မက္ကာဘီတဲလ်အဗစ်၊ ဘုန်းမောက်၊ ယန်းဘွိုင်းစ်၊ ဝုလ်ဗ်၊ အာဆင်နယ်၊ မန်ယူနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တာကြောင့် အိမ်ကွင်းနိုင်ပွဲဆက်စံချိန် ရပ်တန့်သွားခဲ့ရသလို၊ အာဆင်နယ်ကို (၄)မှတ်အကွာနဲ့ ကပ်လိုက်နိုင်မယ့်အခွင့်အရေးလည်း ဆုံးရှုံးခဲ့ရပါတယ်။
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီကတော့ မိမိတို့က ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ ထိပ်ဆုံး(၅)သင်းစာရင်းထဲမှာ မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။















