အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက အသင်းရဲ့ ဒဏ်ရာပြဿနာက အန္တရာယ်စက်ဝိုင်းထဲ ရောက်ရှိနေပြီလို့ ညည်းတွားပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ အမှတ်ပေးဇယားကို ဦးဆောင်နေပေမဲ့ အခုနောက်ပိုင်းမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်လာရတာကြောင့် ရလဒ်ပိုင်း ကျဆင်းမှုတွေ ရှိလာပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဂါဘရီယဲလ်နဲ့ ဆာလီဘာတို့ကို တစ်ပြိုင်နက် အနားပေးခဲ့ရသလို၊ ကလပ်ဘရုဂေးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာလည်း ဒက်ကလန်ရိုက်စ်၊ ထရော့ဆက်ဒ်နဲ့ မက်စ်ဒေါင်းမန်းတို့ မပါဝင်နိုင်တာကြောင့် အာတေတာက အခုလို ညည်းတွားခဲ့တာပါ။
ဒါပေမဲ့ အာတေတာက လိုတာထက်ပိုတဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေရတာကြောင့် ဒဏ်ရာရရှိမှုတွေ များပြားလာတာလားဆိုတဲ့ မေးမြန်းမှုကိုတော့ ငြင်းဆန်ခဲ့ပါတယ်။
''မဟုတ်ပါဘူး။ ကျွန်တော်တို့ လေ့ကျင့်ဖို့အတွက် အချိန်သတ်မှတ်မထားပါဘူး။ ဒီနေ့ မိနစ်(၂၀)ပဲ လေ့ကျင့်ခဲ့ပါတယ်။ ဒါကြောင့် အိုဗာထရိန်နင် မလုပ်တာ သေချာပါတယ်။ ဒါပေမဲ့ မကစားနိုင်တဲ့ ကစားသမားတွေ များပြားတဲ့အခါ တခြားကစားသမားတွေအပေါ် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်လာစေပါတယ်။ ဒါက တကယ့်ကို အန္တရာယ်စက်ဝိုင်းထဲ ရောက်ရှိနေပါပြီ။ ကျွန်တော်တို့ ကစားသမားအများအပြား ဆုံးရှုံးထားရချိန်မှာ ပွဲအများအပြားကစားခဲ့ရပြီး ဒါက ဖိအားတွေလည်း များပြားစေပါတယ်။ ပြီးတော့ ဒဏ်ရာတွေလည်း ပိုရရှိစေပါတယ်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယူ-၂၁ အသင်းရဲ့ခြေစမ်းပွဲမှာ လူငယ်ကစားသမား မက်စ်ဒေါင်းမန်း ခြေချင်းဝတ်ဒဏ်ရာရရှိပြီး ရက်သတ္တပတ်အတန်ကြာ အနားယူရမှာကြောင့် ဂျေးဇူးကို ချန်ပီယံလိဂ်လူစာရင်းထဲ ထည့်သွင်းခဲ့ပြီး ကလပ်ဘရုဂေးနဲ့ပွဲမှာ အသုံးပြုဖွယ်ရှိကြောင်းလည်း သိရပါတယ်။















