ဒီဇင်ဘာလမှာ ကလပ်အသင်း(၈)သင်း ပါဝင်တဲ့ Messi Cup ပြိုင်ပွဲ ကျင်းပသွားမယ်လို့ မက်ဆီ အတည်ပြု

ဒီဇင်ဘာလမှာ ကလပ်အသင်း(၈)သင်း ပါဝင်တဲ့ Messi Cup ပြိုင်ပွဲ ကျင်းပသွားမယ်လို့ မက်ဆီ အတည်ပြု
Photo: X
Photo: X
Published 15 October 2025

အင်တာမိုင်ယာမီအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက လာမယ့် ဒီဇင်ဘာလမှာ ကလပ်အသင်း(၈)သင်းပါဝင်တဲ့ Messi Cup ပြိုင်ပွဲ ကျင်းပသွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

ဒီပြိုင်ပွဲကို လူငယ်တွေအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်တာကြောင့် အသက်(၁၆)နှစ်အောက် ယူ-၁၆ ပြိုင်ပွဲအဖြစ် သတ်မှတ်ထားပြီး ပါဝင်ယှဉ်ပြိုင်မယ့်အသင်းတွေက အင်တာမိုင်ယာမီ၊ ဘာစီလိုနာ၊ ရေးဗားပလိတ်၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ အက်သလက်တီကို၊ နယူးဝဲလ်အိုးဘွိုင်းစ်နဲ့ မန်စီးတီးတို့ဖြစ်ကြောင်း သိရပါတယ်။

ဒီ(၈)သင်းကို (၄)သင်းနှစ်အုပ်စုခွဲပြီး ပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်စေမှာဖြစ်ကြောင်းနဲ့ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ စုစုပေါင်း(၁၈)ပွဲရှိမှာဖြစ်ကြောင်း သိရပါတယ်။

ဒီပြိုင်ပွဲကို မက်ဆီရဲ့ ကုမ္ပဏီဖြစ်တဲ့ 525 Rosario က ကြီးမှူးကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲကာလက ၂၀၂၅ ဒီဇင်ဘာ(၉)ကနေ (၁၄)၊ ပြိုင်ပွဲကျင်းပမယ့်နေရာက အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့မှာ ဖြစ်ပါတယ်။

''လာမယ့်ဒီဇင်ဘာမှာ အရမ်းကို ထူးခြားတဲ့ လူငယ်ဘောလုံးပြိုင်ပွဲတစ်ခုကို မိုင်ယာမီမှာ ကျင်းပသွားမှာဖြစ်ကြောင်းနဲ့ ကမ္ဘာတစ်ဝှမ်းက ထိပ်သီးကလပ်အသင်းတချို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း ရင်ဖိုစွာ မျှဝေလိုက်ပါတယ်'' လို့ မက်ဆီက Instagram မှာ ရေးသားခဲ့ပါတယ်။

 

Most Read

Most Recent