မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံရှိ ဟွာဝေးကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ပြီး AI အသုံးပြုလျက်ရှိသည့်အခြေအနေများ ဆွေးနွေးကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပခဲ့သည့် ဒစ်ဂျစ်တယ်တရုတ်ယွမ်ငွေဆိုင်ရာ ဒစ်ဂျစ်တယ် Banking၊ ဆိုက်ဘာလုံခြုံရေးနှင့် Cloud Service များ ဆက်စပ်အစည်းအဝေးများဖြစ်သည့် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ဟွာဝေးကွန်ရက် ၂၀၂၅ အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဗဟိုဘဏ်၏ နိုင်ငံခြားငွေစီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှုဆိုင်ရာမူဝါဒများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ နိုင်ငံတကာတွင် တရုတ်နိုင်ငံ၏ငွေကြေးဖြစ်သည့် ယွမ်မင်ဘီနှင့်ပတ်သက်၍ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူအတွက် ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ်ငွေကြေးလိုအပ်ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် တရုတ်ယွမ်မင်ဘီ ငွေကြေးအား ဒစ်ဂျစ်တယ်ငွေကြေးပုံစံဖြင့် ဆောင်ရွက်မည့်စီမံကိန်းများ၊ Bitcoin ကဲ့သို့သော Crypto currencies အမျိုးမျိုး အသုံးပြုကြခြင်းကြောင့် ငွေကြေးယုံကြည်စိတ်ချရမှု အားနည်းခြင်းနှင့် ငွေလဲလှယ်နှုန်း အတက်အကျများခြင်း စသည့်အခက်အခဲများ ရင်ဆိုင်နေရသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် Bank of China (BOC)နှင့် Industrial Commercial Bank of China (ICBC) တို့သည် တရုတ်နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍတွင် Retail Banking၊ Corporate Banking Financial Market Services နှင့် International Banking Services စသည့်ငွေရေးကြေးရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေနှင့် တရုတ်နိုင်ငံ၏ဘဏ်အချင်းချင်း နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ် (China’s Cross-border Interbank Payment System – CIPS) များကိုဆွေးနွေးခဲ့ပြီး CIPS တွင် မြန်မာဘဏ်များပါဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံကြား ငွေပေးချေမှုကိစ္စရပ်များတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆက်စပ်အစည်းအဝေးများဖြစ်သည့် တရုတ်နိုင်ငံ ရှန်ကျန့်မြို့နှင့် ရှန်ဟိုင်းမြို့တို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများတွင် အိုင်တီထုတ်ကုန်များ (IT Solution Product) များ၊ အိုင်တီအခြေခံအဆောက်အအုံများ (IT Infrastruct-ure) များ အဓိကဝန်ဆောင်မှုပေးနေသည့် ဟွာဝေးကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် Artificial Intelligence (AI) နည်းပညာသည် အစိုးရကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ကျန်းမာရေးနှင့် ပြည်သူများအား ဝန်ဆောင်မှုပေးနေသည့် ကဏ္ဍများတွင် AI အသုံးပြုလျက်ရှိသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် AI နည်းပညာကို ဘဏ်များတွင် Customer Service ပေးသည့် နယ်ပယ်တွင်လည်းကောင်း၊ Risk Management ဆိုင်ရာနယ်ပယ်များဖြစ်သည့် Credit Assessment ပြုလုပ်ရာတွင်လည်းကောင်း၊ ငွေကြေးမသမာမှု (Fraud Prevention) နှင့် Transaction Monitoring ဆောင်ရွက်ရာတွင် AI နည်းပညာဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် AI အသုံးပြုနိုင်ရေး လိုအပ်သည့်အခြေအနေများနှင့် Cloud Computing နည်းပညာအား မိမိတို့လုပ်ငန်းတွင် အသုံးချခြင်း အားဖြင့်ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များ လျော့နည်းစေရေးဆောင်ရွက်ရမည့် ထိန်းချုပ်မှုလုပ်ငန်းစဉ်များ၊ ဟွာဝေး Global Cyber Security Transparency Center ၌ ဟွာဝေး၏ထုတ်ကုန်များ၊ ဆော့ဖ်ဝဲလ်များနှင့်လုံခြုံရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့အဖွဲ့အစည်းများ စစ်ဆေးနိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးပိုင်းဆိုင်ရာ Third Party Testing များ ပြုလုပ်နိုင်မှု ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များ (Best Practices)၊ Internet of Things (IoT) ဆိုင်ရာလုံခြုံရေးစနစ်များကို ဆွေးနွေးခဲ့ကြပြီး BOC၊ ICBC ဘဏ်များနှင့် ဟွာဝေးနည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ဘဏ်များတွင် ဆောင်ရွက်ခဲ့သော Smart Banking၊ Digital Banking များအား AI နည်းပညာဖြင့် အကောင်အထည်ဖော်ခဲ့မှု အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။















