သံဖြူဇရပ်မြို့နယ် မရှိခဏဘုရားအနီး သံဖြူဇရပ် - ရေးကားလမ်းဘေးတွင် လက်ပြန်ကြိုးတုပ်လျှက် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားသုံးဦး၏ ရုပ်အလောင်များတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ မေလ (၁၄) ရက်နေ့ နံနက် (၈) နာရီခွဲက သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စု မရှိခဏဘုရားအနီး သံဖြူဇရပ် - ရေးကားလမ်း မိုင်တိုင်အမှတ် (၅၀/၅) အနီး ဦးမန်းရော်ဘာခြံရှေ့ လမ်းဘေးတွင် လက်ပြန်ကြိုးတုပ်လျှက် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားသုံးဦး၏ ရုပ်အလောင်များတွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ပြန်ကြိုးတုပ်လျှက် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားသုံးဦးမှာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်တုံရွာဟောင်း နေ အသက် (၂၆) နှစ်အရွယ် မောင်ဌေးအောင် မှာ ဘယ်ဘက်မျက်ခုံးအထက်ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၂) ရပ်ကွက်၊ ကျောင်းစုရပ်နေ အသက် (၂၆) နှစ်အရွယ် မောင်ရဲထက်အောင် မှာ ညာမျက်ခုံးအထက် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်လည်းကောင်း၊် ပြွန်တန်ဆမြို့၊ မြို့မ (၄) ရပ်ကွက်နေ အသက် (၂၆) နှစ်အရွယ်ကိုအောင်ပြည့်စုံ မှာ ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးနေကြခြင်းဖြစ်ကြောင်း နှင့် ၎င်းရုပ်အလောင်းများနီးတွင် ရေနံချေးထည့်ထားသော ပုံး (၂) ပုံးနှင့် ရေနံချေးဖြန်းသည့်ပိုက်ကိုတွေ့ရှိရကြောင်းသံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “သူတို့ကသံဖြူဇရပ်မြို့၊ အောင်ချေမ်းသားရပ်ကွက်၊ ဘူတာအနီးရှိ မွန်အေးရိပ်သာတည်းခိုခန်းမှာ တည်းခိုလေ့ရှိတယ်လို့သိရလို့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးကြတဲ့အခါမှာ မနေ့ မေလ (၁၃) ရက်နေ့ မနက် (၆) နာရီခွဲအချိန်လောက်မှာ တည်းခိုခန်းက ရေနံချေးထည့်ထားတဲ့ ပုံးနဲ့ ဖြန်းတဲ့ပိုက်တွေကို ယူဆောင်ပြီးထွက်ခွာသွားကြတယ်။ ဘယ်ကိုသွားမယ်ဆိုတာကိုလည်း တည်းခိုခန်းကို အသိပေးသွားတာမျိုးမရှိဘူး။ ညကလည်း ပြန်မအိပ်ကြဘူး။ ဒီနေ့ မနက်မှ သုံးယောက်လုံး ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ကြရတာ” ဟု ပြောကြားသည်။
၎င်းတို့မှာ ကျေးရွာများအတွင်း ရေနံချေးအား ဖြန်းသည့်လုပ်ငန်းလုပ်ကိုင်နေကြသော်လည်း သတ်မှတ်ဈေးနှုန်းထက်ပိုတောင်းယူလေ့ရှိသည့်အတွက် ဒေသခံများနှင့မကြာခဏ အချေအတင်ဖြစ်ပွားလေ့ရှိကြောင်း ဒေဿခံများ၏ ပြောကြားချက်များအရ သိရသည်။
“သူတို့က အိမ်တစ်လုံးကို ရေနံချေးဖြန်းတော့မယ်ဆိုရင် ပစ္စည်းဖိုးနဲ့လက်ခ (၃) သိန်းလောက်နဲ့ သဘောတူလက်ခံပြီး ရေနံချေးဖြန်းတယ်ပေါ့။ အလုပ်ပြီးခါနီးချိန်ဆိုရင် ပစ္စည်းဖိုးနဲ့ လက်ခကို(၁၀) သိန်းကျတယ်။ (၁၅) သိန်းကျတယ်ဆိုပြီး အတင်းတောင်းယူလေ့ရှိလို့ ဒေသခံတွေနဲ့ မကြာခဏ ပြဿနာတက်တဲ့သူတွေလို့ကြားသိရပါတယ်။ အလုပ်ကို ရိုးရိုးသားသားလုပ်ကြတဲ့သူတွေမဟုတ်ဘူးလိုလည်း ပြောသံကြားရတယ်။ အဲ့ဒီလိုကိစ္စတွေလည်း လူမှုကွန်ရက်စာမျကနှာပေါ် တတ်နေကြတာမျိုးတွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းတို့အနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများကြီးစိုးသည့် ကျေးရွာများအတွင်း ယင်းကဲ့သို့ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် ပြဿနာဖြစ်ကာ အသတ်ခံကြရဟန်တူကြောင်းလည်း ၎င်းဒေသခံက သုံးသပ်ပြောကြားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သံဖြူဇရပ်မြို့မရဲစခန်းတွင် (ပ) ၅၈/၂၀၂၆၊ အကြမ်းဖက်တိုက်ချက်အရေးဥပဒေပုဒ်မ - ၅၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
■ ဘိုဘိုမြင့်
■ Photo Credit - CJ















