ထိုင်း- ကမ္ဘောဒီယား ပဋိပက္ခကြောင့် ထိုင်းရောက်မြန်မာလုပ်သားအချို့ နိုင်ငံသားမှားပြီး ရိုက်နှက်ခံရမှုများရှိသဖြင့် သတိထားနေထိုင်ရန် လိုအပ်

ထိုင်း- ကမ္ဘောဒီယား ပဋိပက္ခကြောင့် ထိုင်းရောက်မြန်မာလုပ်သားအချို့ နိုင်ငံသားမှားပြီး ရိုက်နှက်ခံရမှုများရှိသဖြင့် သတိထားနေထိုင်ရန် လိုအပ်
Published 26 July 2025

ကာလအတန်ကြာ အငြင်းပွားမှုများ ဖြစ်ပွားနေသည့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင် ၂၄ ရက်မှစတင်ကာ နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

ထိုင်းပြည်နယ် ဆူရင်နှင့် ကမ္ဘောဒီးယားပြည်နယ် အော့ဒါမီယန်ချေးအကြားတွင် တည်ရှိသောနယ်စပ်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်ဖက်စလုံးက မည်သူကစပစ်သည် ဆိုသည်ကို နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲခဲ့ကြသည်။

စတင်ဖြစ်ပွားခဲ့သည့် ဇူလိုင် ၂၄ ရက် တွင်ထိုင်းအစိုးရဘက်က F-16 တိုက်လေယာဉ်များဖြင့် ကမ္ဘောဒီးယား၏ တပ်စခန်းနှစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထိုင်းဘက်မှလာသည့်သတင်းများအရ သိရသည်။

ကမ္ဘောဒီးယားဘက်မှလည်း ရော့ကတ်များ၊ အတွဲလိုက် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဇူလိုင် ၂၅ ရက်တွင် တိုက်ပွဲအရှိန်များ ပိုမိုပြင်းထန်လာခဲ့ပြီး ထိုင်းဘက်တွင် စစ်ဘေးရှောင် တစ်သိန်းခန့်အထိ ရှိလာခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထိုင်းနယ်စပ်ဒေသများတွင်နေထိုင်သည့် လူပေါင်း ၁၃၈၀၀၀ သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရပ်သား ၁၄ ဦးနှစ် စစ်သားတစ်ဦးသေဆုံးကာ စစ်သား ၁၅ ဦးအပါအဝင် လူပေါင်း ၄၆ ဦး ဒဏ် ရာရခဲ့သည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အတူ ကမ္ဘောဒီးယား၏ အော့ဒါမင်း ချေးပြည်နယ်တွင် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံခဲ့ရပြီးအသက် ၇၀ အရွယ် အမျိုး သားတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့သည်။

ကျွန်တော်တို့ဟာ အိမ်နီးချင်းတွေဖြစ်နေတာကြောင့် ညှိနှိုင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ထိုင်းစစ်တပ်ကို လိုအပ်သလို အရေးပေါ်တုံ့ပြန်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်ဟု ထိုင်းယာယီဝန် ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်းက ပြောကြားသည်။

အခြေအနေတွေက ပိုမိုဆိုးရွားလာမယ်ဆိုရင် စစ်ပွဲတစ်ခုအထိ ဖြစ်ပွားသွားနိုင်ပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ တိုက်ခိုက်မှုတွေက အကန့်အသတ်နဲ့ ရှိနေဆဲဖြစ်ပါတယ်ဟု ၎င်းင်းက ဘန်ကောက်မြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဇူလိုင် ၂၅ ရက်တွင် ထိုင်းစစ်သား များ သည် ထိုင်းနိုင်ငံ၏ Si Sa Kat  ပြည်နယ်ရှိ Phu Ma Kua တောင်ကုန်းကို ဒေသစံတော် ချိန် နာရီ ၅၀ မိနစ်ခန့်တွင် အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။

ထို့နောက် ဇူလိုင် ၂၆ ရက် ဒေသစံတော် ချိန် နံနက် နာရီခွဲတွင် ကမ္ဘောဒီးယားက တိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ထိုင်းစစ်သားများက ထိုတောင်ကုန်းကို ထိန်းချုပ်ထားနိုင်ခဲ့သည်ဟု ထိုင်းတော်ဝင်စစ်တပ်၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ဒေသစံတော်ချိန် နံနက် နာရီ ၄၅ မိနစ်တွင် တင်ထားသည့် ထိုင်းတော်ဝင်စစ်တပ်၏ တရားဝင် Facebook တွင် ထိုင်းစစ် သားများသည် ယင်းတောင်ကုန်းကို ထိန်းချုပ်ထားပြီး ထိုင်းနိုင်ငံတော်အလံကို လွှင့်ထူခဲ့ကာ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

 

ဇာတ်ရှိန်တက်နေတဲ့ ပဋိပက္ခကြားက မြန်မာလုပ်သားများ

ယင်းအခြေအနေတွင် မြန်မာလုပ်သားများအတွက် အနေအထိုင်ဆင်ခြင်ကြရန် လိုအပ်သည်ဟု ထိုင်း ရောက်မြန်မာလုပ်သားများက အကြံပြုသည်။

အရှေ့တောင်အာရှ နိုင်ငံများဖြစ်သဖြင့် တနိုင်ငံနှင့် တနိုင်ငံ၊ လူမျိုးတစ်မျိုးနှင့် တမျိုးရုပ်ရည်အသွင်အပြင်မှာ အမှတ်တမဲ့ ကြည့်လိုက်ပါက အလွယ်တကူခွဲခြားမရနိုင်သည့် အချက်ကြောင့်ဖြစ်သည်။

ပဋိပက္ခမြင့်တက်နေသည့် အချိန်တွင် ထိုင်းနိုင်ငံသားအချို့မှာ အုပ်စုလိုက်သွားလာပြီး ကမ္ဘောဒီးယားနိုင်ငံသားများကို ထိုးကြိတ်ရိုက်နှက်မှုများရှိနေသည်ဟု မြန်မာလုပ်သားအချို့က ပြောကြားသည်။

အခုချိန်မှာ ထိုင်းလူမျိုးတွေက အုပ်စုလိုက်ကြီးနဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေကို လိုက်ရှာနေတာ။ ဘာလူမျိုးလဲဆိုတာကို မေးတယ်။ ကမ္ဘောဒီးယားဆိုရင် ဘာမှဆက် မပြောတော့ဘူး။ ထိုးကြိတ်သွားရောဟု ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် အလုပ်သွားရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမားတစ်ဦးက ဇူလိုင် ၂၅ ရက်တွင် ပြောကြားသည်။

လူမှုကွန်ရက် စာမျက်နှာအချို့တွင်လည်း ထိုင်းနိုင်ငံသားအချို့မှာ စျေးဆိုင်များ၊ ပြည်ပအလုပ်သမားများနေထိုင်သည့် နေရာများကို လှည့်လည်သွားလာကာ မေးမြန်းမှုများ ပြုလုပ်ပြီး ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ပါက ထိုးကြိတ်ရိုက်နှက်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

ယင်းသို့ ပြုလုပ်စဉ် မြန်မာနိုင်ငံသားအချို့မှာ နိုင်ငံသားမှားပြီး ရိုက်နှက်ခံရသည့်ဖြစ် စဉ်များရှိနေသည်ဟု သိရသည်။

ကရင်လို့ ပြန်ဖြေတာကို ခမင်လို့ကြားပြီး ထိုးကြိတ်ရိုက်နှက်လို့ ကရင်တစ်ယောက် ငါးချက်ချုပ်လိုက်ရတယ်။ အဲ့ဒါ စမွတ်စခွန်က စျေးတစ်ခုထဲမှာ ဖြစ်သွားတာဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောကြားသည်။

လူမှုကွန်ရက်တွင် ပျံနှ့ံလျက်ရှိသည့် ရုပ်သံဖိုင်တစ်ခုတွင်လည်း စျေးတစ်ခုအတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မြန်မာနိုင်ငံသား သုံးဦးစားသောက်ပြီး စကားပြောနေစဉ် ထိုင်းလူမျိုးအချို့ စားသောက်ဆိုင်အတွင်း ဝင်ရောက်လာကာ မည်သည့် နိုင်ငံသားဖြစ်ကြောင်း မေးမြန်းခဲ့ရာ မြန်မာ နိုင်ငံသားဟု ပြန်လည်ဖြေဆိုသဖြင့် ရန်ပြုခြင်းမရှိဘဲ အေးအေးဆေးဆေးဖြင့် ပြန်လည်ထွက်ခွာသွားသည်ကို တွေ့ရသည်။

အခုချိန်က သူတို့( ထိုင်းနိုင်ငံသား)တွေမေးရင် မကြောက်နဲ့။ အေးဆေးပြန်ဖြေ။ ကိုယ်က မြန်မာနိုင်ငံသားဆို မြန်မာလို့ပဲဖြေလိုက်တာ အကောင်းဆုံးပဲ။ တခါတလေကျရင် နားကြားလွဲပြီး အရိုက်ခံရတာတွေဖြစ် တတ်တယ်ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောကြားသည်။

လတ်တလောတွင်လည်း ပဋိပက္ခဖြစ်နေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်သို့ ထိုင်းရောက်မြန်မာနိုင်ငံသားများ သွားရောက်ခြင်းမပြုရန် ထိုင်းရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်ဒေသသို့ ခရီးသွားလာခြင်းကို ရှောင်ရှားကြရန်နှင့် နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား မလိုလားအပ်သည့် ဖြစ်ရပ်များဖြစ်ပေါ်ခြင်းမရှိစေရန် မိမိတို့၏လုံခြုံရေးကိုသတိပြုကြရန် အသိပေးနှိုးဆော် အပ်သည်ဟု ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ကြပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများလည်း ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ရပ်တည်ထားကြောင်း သံရုံးက အသိပေးထားသည်။

ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားအရေအတွက်မှာ တရားဝင်နှင့် တရားမဝင်ဆိုပါက အနည်းဆုံး ခုနစ်သန်းခန့်ရှိနေပြီး ထိုင်းနိုင်ငံတွင် နေထိုင်သည့်ကာလအတွင်း အဆိုပါနိုင် ငံသားများနှင့် မည်သည့်ပဋိပက္ခမျှမဖြစ်စေ ရန်အရေးကြီးနေသည်ဟု ဆိုရမည်ဖြစ်သည်။

ထိုင်းနဲ့ ကမ္ဘောဒီးယားက အခုချိန်က ပဋိပက္ခဖြစ်နေတော့ ကြားမညပ်အောင်နေထိုင်တတ်ဖို့က အရေးကြီးတယ်။ ကိုယ့်လူမျိုး တွေများတယ်ဆိုပေမယ့်လည်း သူ့နိုင်ငံစည်း ကမ်းအတိုင်း နေထိုင်တာကအကောင်းဆုံးပဲ။ ထိုင်းတွေက မယဉ်ကျေးတဲ့သူတွေတော့ မဟုတ်ဘူး။ အဲ့ဒီလို ကမ္ဘောဒီးယားနိုင်ငံသားတွေ လာရှာတဲ့အဖွဲ့တွေနဲ့တွေ့ရင် ကိုယ်က ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကို အေးအေး ဆေးဆေး ရှင်းပြတာအကောင်းဆုံးပဲဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောကြားသည်။

လတ်တလောတွင် ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခမှာ မည်သည့်အချိန်တွင် ပြီးဆုံးမလဲ ဆိုသည်မှာ မည်သူမျှ တပ်အပ်မသိနိုင်သည့် အခြေအနေဖြစ်နေသဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေ ဖြင့် အနေအထိုင်ဆင်ခြင်ကြရန်လိုအပ်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင်လည်း သွေး ထိုးလှုံ့ဆော်သည့်အခြေအနေများ မဖြစ်ပွား အောင် ရေးသားပြောဆိုရန်လိုအပ်သည်ဟု ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားအ ရေးဆောင်ရွက်နေသူများက အကြံပေးမှုများ လည်းရှိနေသည်။

အကောင်းဆုံးကတော့ ကိုယ့်ဆီမှာ ရှိတဲ့အထောက်အထားတွေကို သေချာသိမ်း ထားရမယ်။ အလုပ်ရှင်တွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း အလွယ်တကူ ဆက်သွယ်လို့ရအောင် စီစဉ်ထား သင့်တယ်။ မျိုးချစ်စိတ်ပြင်းထန်တဲ့ ထိုင်းလူ မျိုးတွေနဲ့ တွေ့ရင်လည်း ကိုယ်က ဘယ်နိုင်ငံ သားဖြစ်တယ်ဆိုတာကို သေသေချာချာပြော ပြရမယ်ဟု ထိုင်းရောက်မြန်မာလုပ်သား တစ်ဦးက ပြောကြားသည်။

Most Read

Most Recent