ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲများ၌ လိဂ်အဆင့်ရပ်တည်မှု မြင့်မားသည့်အသင်းများ အားသာချက်ရရှိစေမည့် စည်းမျဉ်းအပြောင်းအလဲ ပြုလုပ်မည်

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲများ၌ လိဂ်အဆင့်ရပ်တည်မှု မြင့်မားသည့်အသင်းများ အားသာချက်ရရှိစေမည့် စည်းမျဉ်းအပြောင်းအလဲ ပြုလုပ်မည်
Photo: Getty Images
Photo: Getty Images
Published 3 June 2025

လာမည့်ရာသီတွင် ကျင်းပမည့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲများ၌ လိဂ်အဆင့်ရပ်တည်မှုမြင့်မားသည့်အသင်းများ အားသာချက်ရရှိစေမည့် စည်းမျဉ်းအပြောင်းအလဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ပြီးခဲ့သည့် ၂၀၂၄-၂၅ ရာသီတွင် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲများအား ပုံစံသစ်ဖြင့် ပြောင်းလဲကျင်းပခဲ့သည်။

ပြိုင်ပွဲအားလုံးတွင် ယခင်ကကဲ့သို့ အုပ်စုအဆင့်ပုံစံ မရှိတော့ဘဲ လိဂ်အဆင့်ပုံစံဖြင့် စတင်ယှဉ်ပြိုင်ကြရခြင်းဖြစ်သည်။

ထို့ နောက် Play-offs အဆင့်နှင့် (၁၆)သင်းအဆင့်ပွဲစဉ်များအတွက် ပွဲစဉ်များရေးဆွဲရာတွင် ဆီဒင်ရရှိသည့်အသင်းများအား ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခွင့်ရရှိရန် သတ်မှတ်ခဲ့သော်လည်း ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်အဆင့်များ၌ ယင်းသို့ သတ်မှတ်ခြင်းမရှိခဲ့ပေ။

ထို့ကြောင့် လိဂ်အဆင့်တွင် စွမ်းဆောင်ရည်ကောင်းမွန်ခဲ့သည့်အသင်းများအနေဖြင့် နစ်နာမှုရှိခဲ့ကြောင်း ထောက်ပြမှုများ ရှိခဲ့သည့်အတွက် လာမည့်ရာသီ၌ အပြောင်းအလဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

UEFA သည် လာမည့်ရာသီ၌ လိဂ်အဆင့်(League Phase)တွင် ရပ်တည်မှုမြင့်မားခဲ့သည့် အသင်းများကို ဆီမီးဖိုင်နယ်အဆင့်အထိ ဆီဒင်ရအသင်းအဖြစ် သတ်မှတ်ကာ ဒုတိယအကျော့ပွဲစဉ်များအား အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ကြောင်း သိရသည်။

UEFA သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ စနေနေ့က ပြုလုပ်ခဲ့သော ပြိုင်ပွဲကျင်းပရေးကော်မတီ အစည်းအဝေး၌ ယင်းကဲ့သို့စည်းမျဉ်း အပြောင်းအလဲပြုလုပ်ရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါသဘောတူညီချက်ကို သြဂုတ်လအတွင်း ကျင်းပမည့် လိဂ်အဆင့်မဲခွဲပွဲမတိုင်မီ အမှုဆောင်ကော်မတီအစည်းအဝေး၌ အတည်ပြုရဦးမည်ဖြစ်သော်လည်း လက်ခံဖွယ်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ စည်းမျဉ်းအပြောင်းအလဲပြုလုပ်လိုက်ခြင်းကြောင့် လိဂ်အဆင့်၌ ရပ်တည်မှုမြင့်မားရန် ပိုမိုအရေးကြီးလာသည့်အတွက် လိဂ်အဆင့်တွင် ပြိုင်ဆိုင်မှုပိုမိုမြင့်မားလာဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် PSG အသင်းသည် လိဂ်အဆင့်၌ အဆင့်(၁၅)နေရာသာ ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent