အမေရိကန်ရက်ပ်အဆိုတော် ကာညေးဝက်စ်နှင့် သြစတြေးလျမော်ဒယ်ဇနီး ဘီယန်ကာ ဆန်ဆာရီတို့ ကွဲသွားပြီဟု အနုပညာသတင်း မီဒီယာအချို့က ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြလာကြသည်။
ဝက်စ်တို့စုံတွဲ ကွာရှင်းရေးအတွက် ဥပဒေလမ်းကြောင်းဖြင့် သီးခြားစီ အဖြေရှာနေကြပြီဟု TMZ ဖျော်ဖြေရေးဝက်ဆိုဒ်က ဖော်ပြခဲ့ပြီး နယူးယော့ခ်ပို့စ် သတင်းစာကလည်း သတင်းပေးတစ်ဦး၏ အဆိုကို ကိုးကားကာ “ဘီယန်ကာက စိတ်ဆိုးနေတာ၊ သူ့ဆီ ပြန်လာမှာပဲလို့ ဝက်စ်ကထင်နေတာ။ ဒါပေမဲ့ ဒီတစ်ခါတော့ လုံးဝအပြတ်ပဲလို့ ဘီယန်ကာဘက်က ပြောလိုက်ပြီ”ဟု ဖော်ပြခဲ့သည်။
သို့သော် Hollywood Reporter မဂ္ဂဇင်းတွင် ယခုပျံ့နေသည့် သတင်းကို ဝက်စ်တို့စုံတွဲ၏ ပြောရေးဆိုခွင့်ရှိသူက ငြင်းနေသည်ဟု ဆိုထားသည်။ “သူတို့ LA မှာ တူတူရှိနေပါတယ်။ ချစ်သူများနေ့ကို ဖြတ်သန်းကြမလို့ပါ။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ရင် သူတို့ကိုယ်တိုင်ကပဲ ကြေညာမှာပါ။ လူပြိန်း ကြိုက်မီဒီယာတွေပြောတဲ့ သတင်းက အခြေအမြစ်မရှိပါဘူး”ဟု ၎င်းသတင်းပေးက ပြောသည်။
ယခုကောလာဟလများ ထွက်မလာမီ ဝက်စ်သည် လူပြောများစရာ ကိစ္စများ ဆက်တိုက်ဖန်တီးခဲ့ သည်။ လိင်ကုန်ကူးမှု အပါအဝင် စွဲချက်များစွာဖြင့် အမှုရင်ဆိုင်နေရသည့် အဆိုတော်ရှန်ဒစ်ဒီကွန်းစ်ကို ပြန်လွှတ် ပေးရန် ဝက်စ်က ဒေါ်နယ်ထရန့်ကို တောင်းဆိုခဲ့သည်။ တိုကျို၌ ရှိုးပွဲနှစ်ပွဲ စီစဉ်ထားသော်လည်း ဖောက်ထွင်းမြင်နေရသည့် ဘီယန်ကာ၏ ဂရမ်မီပွဲတက် ဖက်ရှင်ကြောင့် ဂျပန်နှင့် ဒေါ်လာသန်း ၂၀ တန် သဘောတူညီမှုကို ဝက်စ် လက်လွှတ်လိုက်ရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ဝက်စ်က ၎င်းကိုယ်၎င်း နာဇီပါဟု ရေးသားခဲ့ပြီး ဟစ်တလာကို ကြိုက်သည်ဟုလည်း ပို့စ်တင်ခဲ့သည်။
ဂရမ်မီကိစ္စတွင် ပရိသတ်အများစုက ဘီယန်ကာကို ဝက်စ်က အတင်းဖော်ခိုင်းခဲ့သည်ဟု မြင်နေကြသည်။ အိမ်ထောင်သက် နှစ်နှစ်အတွင်းလည်း ဘီယန်ကာသည် ဖော်လွန်းသည့် အဝတ်အစားများသာ အဝတ်များ ခဲ့သည်။
ဇနီးအပေါ် မည်မျှသြဇာရှိသည်ကို ကာညေးဝက်စ်က “သူမလုပ်ချင်တာ ဘာကိုမှ ငါမလုပ်ခိုင်းဘူး။ ဒါပေမဲ့ ငါခွင့်မပြုရင်လည်း သူဘာမှလုပ်လို့မရဘူး”ဟု X တွင် တင်ခဲ့သည်။ဝက်စ်သည် ယခင်အိမ်ထောင် ကင်ကာ ဒါရှီယန်နှင့် သားသမီးလေးဦးရခဲ့သည်။