လီဆာက အော်စကာဆုပေးပွဲတွင် ဖျော်ဖြေခွင့်ရသည့် ပထမဆုံး ကေပေါ့ပ်အဆိုတော် ဖြစ်လာ

လီဆာက အော်စကာဆုပေးပွဲတွင် ဖျော်ဖြေခွင့်ရသည့် ပထမဆုံး ကေပေါ့ပ်အဆိုတော် ဖြစ်လာ
Published 3 March 2025

အမေရိကန်ပြည်ထောင်စု ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ ဒေါ်ဘီကဇာတ်ရုံတွင် မတ်လ ၂ ရက်က ၉၇ ကြိမ်မြောက် အော်စကာရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ကျင်းပခဲ့ရာ Blackpink အဖွဲ့ဝင်လီဆာလည်း ပါဝင်ဖျော်ဖြေခဲ့ပြီး အော်စကာပွဲတွင် တင်ဆက်ခွင့်ရသည့်ပထမဆုံး ကေပေါ့ပ်အဆိုတော် ဖြစ်လာခဲ့သည်။

လီဆာတင်ဆက်ခဲ့သည့် သီချင်းက ၁၉၇၃ ဂျိမ်းစ်ဘွန်းရုပ်ရှင် Live and Let Die မှ ဇာတ်ဝင်သီချင်းဖြစ်ပြီး သီချင်းနာမည်ကလည်း Live and Let Die ပင်ဖြစ်သည်။  လီဆာ၏ အဆို၊ အက လှုပ်ရှားချက်များက  ကြည့်ရသူများကို အားရစေခဲ့သည်။

လီဆာဖျော်ဖြေပြီးနောက် အမေရိကန် ရက်ပ်အဆိုတော် ဒိုဂျာကတ်က Diamonds Are Forever သီချင်းဖြင့်လည်းကောင်း ၊ ဗြိတိန်အဆိုတော် ရေးက Skyfall သီချင်းဖြင့် လည်းကောင်း ဆက်လက်ဖျော်ဖြေခဲ့သည်။ သီချင်းနှစ်ပုဒ်စလုံးက ဂျိမ်းစ်ဘွန်းရုပ်ရှင် ဇာတ်ဝင်သီချင်းများဖြစ်သည်။

ထို့နောက် ၎င်းတို့သုံးဦးစလုံးကို စင်ပေါ်တွင် အတူတွဲမြင်ရသည်။ ဖေဖော်ဝါရီ ၆ ရက်တွင် လီဆာက ဒိုဂျာကတ် ၊ ရေးတို့နှင့်ပူးပေါင်းပြီး Born Again အမည်ရှိသီချင်းသစ် ထွက်ရှိထားသည်။

အာရီယန်နာ ဂရန်ဒီက ၁၉၃၉ ရုပ်ရှင် The Wizard of Oz မှ ဇာတ်ဝင်သီချင်း Over The Rainbow ဖြင့် အော်စကာအခမ်းအနားကို ဖွင့်လှစ်ပေးလိုက်ပြီး စင်သီယာအရီဗိုက The Wiz ဇာတ်ဝင်သီချင်း Home ဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကာ ထို့နောက်၎င်းတို့ နှစ်ဦးပေါင်းပြီး အော်စကာဆန်ခါတင်စာရင်းဝင် Wicked ဇာတ်ကားမှ Defying Gravity သီချင်းကို တင်ဆက်ခဲ့ကြသည်။ Wicked ဖြင့် အရီဗိုသည် ဇာတ်ဆောင်မင်းသမီးဆု ဆန်ခါတင်စာရင်းတွင် ပါခဲ့သည်။

Most Read

Most Recent