သေဆုံးသူကင်ဆယ်ရွန်နှင့်ပတ်သက်ပြီး လူမသိသေးသည့်အကြောင်းများ တစ်စတစ်စထွက်လာပြီးနောက် ကင်ဆူဟွန်းအား စီးပွားရေးလုပ်ငန်းများက လက်တွဲဖြုတ်လာ

သေဆုံးသူကင်ဆယ်ရွန်နှင့်ပတ်သက်ပြီး လူမသိသေးသည့်အကြောင်းများ တစ်စတစ်စထွက်လာပြီးနောက် ကင်ဆူဟွန်းအား စီးပွားရေးလုပ်ငန်းများက လက်တွဲဖြုတ်လာ
Published 17 March 2025

အချိန်မတန်ဘဲ ဆုံးပါးသွားခဲ့သည့် မင်းသမီးကင်ဆယ်ရွန်နှင့် ကင်ဆူဟွန်းတို့၏ လူ မသိသေးသည့် အကြောင်းများ တစ်စတစ်စ ထွက်ပေါ်လာပြီးနောက် စီးပွားရေးလုပ်ငန်းများစွာက ကင်ဆူဟွန်းနှင့် လက်တွဲဖြုတ်လာကြပြီ ဖြစ်သည်။

ကင်ဆူဟွန်းအကြောင်းကို ဆက်တိုက်ဖွင့်ချနေသည့် တောင်ကိုရီးယား You Tube ချန်နယ် Garosero Research Institute (ခေါ်) Hoverlabက ကင်ဆယ်ရွန်၏ အိမ်တွင် ကင်ဆူဟွန်း ပန်းကန်ဆေးနေပုံကို လတ် တလောချပြလိုက်ပြီး ကင်ဆယ်ရွန်၏မိသားစုက ပေးပို့ထားသည့် ပုံဖြစ်ကြောင်းနှင့် ကင်ဆူဟွန်း၏ တရားဝင်တောင်းပန်မှုကို  တစ်ဖက်မိသားစုက တောင်းဆိုနေကြောင်း ချပြလာခဲ့သည်။

ထို့ပြင် ၎င်းချန်နယ်က “သူဘောင်းဘီ မဝတ်ထားပါဘူး။ ဒါဘောင်းဘီဝတ် မထားတဲ့ ကင်ဆူဟွန်းရဲ့ဓာတ်ပုံပါ” ဟုလည်းပြောကာ  ကာယကံရှင်နှစ်ဦး၏ ပတ်သက်မှု နောက်ထပ်သက်သေများကို ရှေ့ရက်များတွင် ချပြဦးမည် ဟုပြောနေသည်။

မတ်လ ၁၄ ရက်တွင် ကင်ဆူဟွန်း၏ အေဂျင်စီ Gold Medalist ၏ တရားဝင်ရှင်းလင်းချက်တွင် ကင်ဆူဟွန်းနှင့် ကင်ဆယ်ရွန်တို့ ရည်းစားဖြစ်ခဲ့ကြောင်းကို ဝန်ခံထားသော်လည်း သတင်းများပျံ့နေသကဲ့သို့ ဆယ်ရွန် အသက်မပြည့်မီ တွဲခြင်းမဟုတ်ဘဲ အသက်ပြည့်ပြီးမှ တွဲခြင်းဖြစ်သည်ဟု ပြန်ငြင်းထားသည်။

သို့သော်တစ်နေ့တစ်ခြား နာမည်ပျက်လာသည့် Queen of Tears သရုပ်ဆောင် ကင်ဆူဟွန်းအား စီးပွားရေးလုပ်ငန်းများက လက်တွဲဖြုတ်လာကြပြီး လွန်ခဲ့သည့်သုံးလက ကင်ဆူဟွန်းအား brand ambassador ခန့်ခဲ့သည့် ဖက်ရှင်ကုမ္ပဏီ Prada က ၎င်းနှင့်စာချုပ်ကို အဆုံးသတ်ကြောင်း ကြေညာထားသည်။

တောင်ကိုရီးယားအလှကုန် Dinto ကလည်း ကင်ဆူဟွန်းအား ကြော်ငြာမော်ဒယ်အဖြစ်မှ ရပ်စဲလိုက်သည်။ အလားတူ အခြားလုပ်ငန်းများကလည်း ကင်ဆူဟွန်းနှင့် ကြော်ငြာထားသည်များကို ၎င်းတို့၏ဆိုရှယ်မီဒီယာ များ ၊ တရားဝင်ဝက်ဆိုဒ်များပေါ်မှ ဖြုတ်ချလိုက်သည်။ ဂျီဒရက်ဂွန်အစီအစဉ်မှူးအဖြစ် ပါဝင်သည့် Good Day တီဗီအစီအစဉ်ကမူ ကင်ဆူဟွန်းပါသည့် ပြကွက်များကို ဖယ်ထုတ် တည်းဖြတ်ထားသည်။

Most Read

Most Recent