ဖေဖော်ဝါရီ ၂၃ ရက်က လော့စ်အိန်ဂျလိစ်တွင် ကျင်းပသည့် Screen Actors Guild ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ပုပ်ရဟန်းမင်းကြီး သစ်ရွေးချယ်ပုံအကြောင်း ရိုက်ကူးထားသည့် Conclave က အကောင်းဆုံးဇာတ်ကားဆုကို ဆွတ်ခူးသွားသည်။ BAFTAs ခေါ် ဗြိတိန်ရုပ်ရှင် ဆုပေးပွဲတွင်လည်း ယင်းဇာတ်ကားက အကောင်းဆုံး ဇာတ်ကားဆု ဆွတ်ခူးခဲ့ပြီး ရွှေကမ္ဘာလုံး ဆုပေးပွဲတွင်လည်း အကောင်းဆုံး ဇာတ်ညွှန်းဆု ရထားသည်။
မတ်လ ၂ ရက်တွင် ကျင်းပမည့် အမေရိကန် အော်စကာဆုပေးပွဲကို ခန့်မှန်းရန် SAG ပွဲကို စောင့်ကြည့်လေ့ရှိကြပြီး အော်စကာ အကောင်းဆုံးဇာတ်ကားဆု ဆန်ခါတင်ဇာတ်ကားများတွင်လည်း Conclave ပါဝင်သည်။
SAG ၏ အကောင်းဆုံးဇာတ်ဆောင် မင်းသားဆုကို A Complete Unknown ဇာတ်ကားမှ တင်မက်သီ ရှာလမေနှင့် ဇာတ်ဆောင်မင်းသမီးဆုကို The Substance ဇာတ်ကားမှ ဒမ်မီမိုးတို့ရခဲ့ပြီး ဇာတ်ပို့မင်းသားဆုကို A Real Pain မှ ကီရန်ကာလ်ကင်နှင့် ဇာတ်ပို့မင်းသမီးဆုကို Emilia Perez မှ ဇိုဝီဆယ်လ်ဒါးနားတို့ ရယူသွားသည်။
စတန့်အကောင်းဆုံးဇာတ်ကားဆုကို The Fall Guy က ရွေးချယ်ခံရသည်။ အကောင်းဆုံး ဒရာမာဇာတ်လမ်း တွဲဆုကို ဂျပန်ဇာတ်လမ်းတွဲ Shogun ကရပြီး တစ်သက်တာ ထူးချွန်ဆုကို ဂျိမ်းဖွန်ဒါအား ချီးမြှင့်ခဲ့သည်။
အော်စကာဆန်ခါတင်စာရင်းတွင် ဆလီနာဂိုးမတ်ဇ်ပါဝင်သည့် Emilia Perez က ဇာတ်ကားဆုအပါအဝင် ဆု ၁၃ ဆု လျာထားခံရပြီး ဇာတ်ကားဆုအတွက် Anora၊ The Brutalist ၊ A Complete Unknown ၊ Conclave ၊ Dune:Part Two၊ I’m Still Here ၊ Wicked၊ Nickel Boys နှင့် The Substance တို့လည်း လျာထားခံရသည်။