၂၀၂၅ အော်စကာဆုပေးပွဲတွင် Anora က အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆုနှင့် ဇာတ်ဆောင်မင်းသမီးဆုတို့ ဆွတ်ခူး

၂၀၂၅ အော်စကာဆုပေးပွဲတွင် Anora က အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆုနှင့် ဇာတ်ဆောင်မင်းသမီးဆုတို့ ဆွတ်ခူး
Published 3 March 2025
Ref: BBC

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့တွင် မတ် ၂ ရက်က ၉၇ ကြိမ်မြောက် အော်စကာဆုပေးပွဲကို ကျင်းပပြီးစီးခဲ့ပြီး အမေရိကန်အချစ်ဒရာမာဇာတ်ကား Anora က အကောင်းဆုံးဇာတ်ကားဆု ဆွတ်ခူးသွားသည်။

ပြည့်တန်ဆာမယ်တစ်ဦး ရုရှားသူဌေးသားတစ်ဦးနှင့် လက်ထပ်လိုက်ပြီး စင်ဒရဲလားအိပ်မက်ကို ကြာကြာမမက်လိုက်ရ၊ ခင်ပွန်း၏မိဘများ နယူးယော့ခ်သို့လိုက်လာပြီး ၎င်းတို့ကွဲအောင် ဖန်တီးကြပုံများကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုကိုလည်း Anora မှ မိုက်ကီမက်ဒီဆင်ကရခဲ့ပြီး The Brutalist မှ အက်ဒရီယန်ဘရော့ဒီက အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု ရသွားသည်။

အကောင်းဆုံးဇာတ်ပို့မင်းသမီးဆုကို Emilia Perez မှ ဇိုဝီ ဆယ်လ်ဒါးနားက ချီးမြှင့်ခံရပြီး A Real Pain မှ ကီရန်ကာလ်ကင်က ဇာတ်ပို့မင်းသားဆု ဆွတ်ခူးခဲ့သည်။ အကောင်းဆုံးဒါရိုက်တာဆုကိုလည်း Anora ဇာတ်ကားပဲ့ကိုင်ရှင် ရှန်ဘေကာက ရယူသွားသည်။

အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြော ဇာတ်ကားဆုအတွက် ဘရာဇီးဇာတ်ကား I’m Still Here ကရွေးချယ်ခံရပြီး Flow က အကောင်းဆုံးအန်နီမေးရှင်းဇာတ်ကားဆု ရခဲ့သည်။

အကောင်းဆုံးမူရင်းဇာတ်ညွှန်းဆုကို Anora ကပင်ရခဲ့ပြီး ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်မှုအကြောင်း ရိုက်ကူးထားသည့် Conclave က မှီငြမ်းဇာတ်ညွှန်းဆုရခဲ့သည်။

အကောင်းဆုံးမူရင်းတေးသီချင်းဆုကို Emilia Perez မှ El Mal က ရယူသွားကာ အကောင်းဆုံးအဝတ်အစားဒီဇိုင်းဆုကို အဆိုတော်အာရီယန်နာ ဂရန်ဒီပါဝင်သည့် Wicked ဇာတ်ကားက ရခဲ့သည်။

မင်းသမီးဒမ်မီမိုးကို အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုရရန် တစ်ပြေးစေခဲ့သည့် The Substance ဇာတ်ကားက အကောင်းဆုံးမိတ်ကပ်နှင့်ဆံပင်ဆုဖြင့်သာ ကျေနပ်လိုက်ရသည်။ အကောင်းဆုံးအသံဆုနှင့်  visual effects ဆုတို့ကို Dune: Part Two က ရခဲ့ပြီး ရုပ်ရှင်တည်းဖြတ်ဆုကို Anora က ထပ်မံသိမ်းပိုက်သွားသည်။

Most Read

Most Recent