Squid Game ဇာတ်လမ်းတွဲ Season 2 တွင် ပါဝင်သည့် အသက် ၈၀ အရွယ်ရှိ ဝါရင့်သရုပ်ဆောင် လီဂျူရှီသည် အစာအိမ် ကင်ဆာရောဂါဖြင့် ဆေးကုသမှုခံယူနေရင်း ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်သည်။ ၎င်း၏ နာရေးကို Shinchon Severance ဆေးရုံတွင် ပြင်ဆင်ပေးထားသည်ဟု ကိုရီးယားသတင်းများက ဖော်ပြနေကြသည်။
လီနှင့်လက်တွဲထားသည့် ဖျော်ဖြေရေးကုမ္ပဏီ 1230culture ၏ ထုတ်ပြန်ချက်အရ လီသည် လွန်ခဲ့သည့် သုံးလခန့်က ကျန်းမာရေး ဆိုးလာခဲ့ပြီး အစာအိမ်ကင်ဆာ ဖြစ်နေသည်ကို စစ်ဆေးသိလိုက်ရသည်။လီသည် ၁၉၉၃ ခုနှစ်ကလည်း ရင်သားကင်ဆာ ဖြစ်ပွားခဲ့သေးသည်။သို့သော် ၁၀ စုနှစ်တစ်ခုကျော် ဖြတ်သန်းလာပြီးနောက် ရောဂါကိုအနိုင်ရ လိုက်သည်။
လောလောလတ်လတ်အနေဖြင့် ပရိသတ်က၎င်းကို Squid Game 2 ဇာတ်လမ်းတွဲတွင် မင်းသားဝီဟာ ဂျွန်၏မိခင် ၊ လီဗြောင်ဟွန်း၏ မိထွေးနေရာမှ မြင်ခဲ့ရပြီး ဖြစ်မည်။ ၎င်း၏ ဇာတ်ရုပ်က သားအရင်းကိုရော ၊ လင်ပါသားကိုပါ ဂရုစိုက်ကြင်နာတတ်သူဖြစ်ပြီး ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်လေ့ရှိသည်။
လီသည် ၁၉၆၅ ခုနှစ်တွင် ပြဇာတ်မင်းသမီးဘဝဖြင့် အနုပညာအလုပ်စတင်ခဲ့ပြီး ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် နာမည်ရလာခဲ့သည်။ Notebook from My Mother နှင့် Train to Busan ဇာတ်ကားများတွင် လီပါဝင်ခဲ့ပြီး ဇာတ်လမ်းတွဲများအဖြစ် Happiness ၊ Move to Heaven နှင့် The Uncanny Counter တို့ ရိုက်ကူးခဲ့သည်။
Squid Game 2 ကို Netflix မှ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် စတင်ပြသလိုက်ပြီး ၊ ထုတ်လွှင့်ပြီး ပြီးချင်း နိုင်ငံပေါင်း ၉၂ နိုင်ငံတွင် လူကြည့်အများဆုံး နံပါတ်တစ်ဇာတ်လမ်းတွဲ ဖြစ်လာခဲ့သည်။ နောက်ဆုံး Season အဖြစ် Season 3 ဆက်ထွက်လာမည်ဖြစ်ပြီး ဇွန်လ ၂၇ ရက်တွင် ထုတ်လွှင့်ပြသမည်ဟု Netflix က ကြေညာထားသည်။
Ref ---- Koreaboo Photos ---- Koreaboo