အော်စကာဆုပေးပွဲသမိုင်းတစ်လျှောက် ဇာတ်ဆောင်မင်းသားဆုရှင် အက်ဒရီယန် ဘရော့ဒီက ကျေးဇူးတင်စကား အကြာဆုံးပြောနိုင်သူဖြစ်လာ

အော်စကာဆုပေးပွဲသမိုင်းတစ်လျှောက် ဇာတ်ဆောင်မင်းသားဆုရှင် အက်ဒရီယန် ဘရော့ဒီက ကျေးဇူးတင်စကား အကြာဆုံးပြောနိုင်သူဖြစ်လာ
Photo-AFP
Photo-AFP
Published 4 March 2025

အော်စကာရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပလာသည့် သမိုင်းတစ်လျှောက် ကျေးဇူးတင်စကား အကြာဆုံးပြောနိုင်သူစံချိန်ကို မင်းသားအက်ဒရီယန် ဘရော့ဒီက ရယူလိုက်ပြီဖြစ်သည်။

ဘရော့ဒီသည် မတ်လ ၂ ရက်က ၉၇ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် The Brutalist ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု ဆွတ်ခူးသွားသူဖြစ်ပြီး စင်ပေါ်တွင် ၎င်း၏ကျေးဇူးတင်စကားက ငါးမိနစ်နှင့် ၄၀ စက္ကန့်ကြာခဲ့သည်။ ယခုနှစ်အော်စကာပွဲက လေးနာရီနီးပါးကြာခဲ့သည်။

ယခင်က အော်စကာကျေးဇူးတင်စကား အကြာဆုံးပြောနိုင်သူအဖြစ် စံချိန်တင်ထားသူက ၁၉၄၂ ရုပ်ရှင် Mrs.Miniver ဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုရထားသူ ဗြိတိန်မင်းသမီး ဂရီယာဂါဆန်ဖြစ်သည်။ ဂါဆန်က စင်ပေါ်တွင် ငါးမိနစ်နှင့် ၃၀ စက္ကန့်ကြာကျေးဇူးတင်စကားပြောခဲ့သည်ဟု  ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

ဘရော့ဒီက ၎င်းအလှည့်တွင် သံစုံတီးဝိုင်းကို မတီးခတ်ရန်ပြောလိုက်သည်ကို တွေ့ရသည်။ “ကျေးဇူးပြုပြီး အသံခဏရပ်ပေးပါလား။ အရင်တစ်ကြိမ်တုန်းကလည်း ရပ်ခိုင်းခဲ့ပါတယ်။ တိုတိုပဲပြောပါ့မယ်” ဟုဆို ကာ အားလုံးထက် အကြာဆုံးပြောခဲ့သည်။

ဘရော့ဒီသည် ၂၀၀၃ ခုနှစ်ကလည်း The Pianist ဇာတ်ကားဖြင့် ဇာတ်ဆောင်မင်းသားဆု ရခဲ့သည်။

The Brutalist ဇာတ်ကားနှင့်လိုက်အောင် ဘရော့ဒီ၏ကျေးဇူးတင်စကားကြာခဲ့သလားဟုပင် ထင်ရသည်။ယင်းဇာတ်ကားကိုယ်တိုင်ကလည်း  ကြာမြင့်ချိန်သုံးနာရီခွဲရှိသည်။ ဘရော့ဒီက ဒုတိယကမ္ဘာစစ် အတွင်းဂျူးများကို နာဇီတို့က အပြုံလိုက်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို မေ့ဖျောက်မရသူ၊ စစ်ကြီးအပြီး ဘဝသစ်စရန် အမေရိကန်သို့ ပြောင်းရွှေ့လာသူ ထက်ထက်မြက်မြက်ဗိသုကာပညာရှင်နေရာမှ ပါဝင်သရုပ်ဆောင်ထားသည်။

ကျေးဇူးတင်စကားတွင် ၎င်းက မိဘအပါအဝင်လူများစွာကိုနာမည်တပ်ပြောသွားခဲ့ပြီး မဖြစ်မနေကျေးဇူးတင်ရမည့် The Brutalist ဒါရိုက်တာ ဘရက်ဒီကောဘတ်ကိုလည်း မမေ့ခဲ့ပေ။ စင်ရှိရာသို့အသွား ဘရော့ဒီက ၀ါးနေသည့်ပီကေကိုထွေးထုတ်ပြီး ချစ်သူထံပစ်ပေးလိုက်သေးသည်။

Most Read

Most Recent