ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆတ်က ဆီးရီးယားမှထွက်ခွာပြီး ရုရှားသို့ပြေးရန် ရည်ရွယ်ချက်မရှိခဲ့ဟု မြို့တော်ဒမတ်စကတ် အသိမ်းခံရပြီးနောက် ၎င်း၏ပထမဆုံးထုတ်ပြန်ချက်တွင် ဖွင့်ဟ လိုက်သည်။
ယခုထုတ်ပြန်ချက်ကို ယခင်အစိုးရအပိုင် တယ်လီဂရမ်ချန်နယ်တစ်ခုတွင် ဒီဇင်ဘာ ၁၆ ရက်နေ့က တင်ထားခြင်းဖြစ်သည်။ သို့သော်ယင်းချန်နယ်ကို လက်ရှိမည်သူက ချုပ်ကိုင်ထားသည် ၊ ယခုထုတ်ပြန်ချက်ကို လည်း အာဆတ်ရေးခဲ့ခြင်းဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း မသိရပေ။
စာထဲတွင် အာဆတ်ကမြို့တော်ဒမတ်စကတ်ကို အတိုက်အခံတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီးနောက် လာတာကီယာပြည်နယ်ရှိ ရုရှားစစ်အခြေစိုက်စခန်းသို့သွားကာ စစ်ဆင်ရေးကိုကြီးကြပ်ရန် ကြိုးပမ်းခဲ့ကြောင်း၊ သို့သော်ဆီးရီးယားအစိုးရတပ်ဖွဲ့များက ၎င်းတို့စခန်းများကို စွန့်ခွာသွားပြီဖြစ်ကြောင်း ရေးသားထားသည်။
ထို့ပြင် Hmeimim လေတပ်စခန်းကလည်း ဒရုန်းများဖြင့်တိုက်ခိုက်ခံရပြီး ရုရှားက ၎င်းကိုလေယာဉ်ဖြင့် မော်စကိုသို့ပို့ပေးရန်ဆုံးဖြတ်လိုက်ကြောင်း အာဆတ်ကပြောသည်။ စာကို အာရပ်ဘာသာဖြင့်ရော ၊ အင်္ဂ လိပ်ဘာသာဖြင့်ပါ ဖော်ပြထားသည်။
ဒီဇင်ဘာ ၈ ရက်ကဖြစ်ပျက်ခဲ့သည်များကိုလည်း အာဆတ်ကပြောပြထားပြီး ထိုနေ့ညပိုင်းတွင် ၎င်းအား ရုရှားသို့ချက်ချင်းရွှေ့ပြောင်းပေးရန် ရုရှားစစ်စခန်းကပြင်ဆင်ခဲ့ကြောင်း ၊ ထိုအချိိန်အထိသမ္မတနေရာမှ ဆင်းပေးရန် သို့မဟုတ် အခြားတွင်ခိုလှုံရန် မစဉ်းစားခဲ့ကြောင်း ၊ မည်သူတစ်ဦးမည်သည့်အဖွဲ့ကမှလည်း ယင်းသို့မတိုက်တွန်းခဲ့ကြောင်း စာထဲတွင်ဆိုထားသည်။
ဆီးရီးယားမြို့ကြီးများနှင့် ပြည်နယ်များကို HTS ဦးဆောင်သည့် အတိုက်အခံလက်နက်ကိုင်အုပ်စုများက သိမ်းပိုက်လိုက်သည့် ၁၂ ရက်ကြာအတောအတွင်း အာဆတ်ကိုမတွေ့ခဲ့ရပေ။ ဒမတ်စကတ်မြို့တွင်းသို့ အတိုက်အခံလက်နက်ကိုင်များ ဝင်ရောက်လာချိန် ဝန်ကြီးချုပ်က အာဆတ်ကိုဆက် သွယ်၍မရတော့သည့်အတွက် ဆီးရီးယားမှ အာဆတ်ထွက်ပြေးပြီဆိုသည့် ထင်မြင်ယူဆမှုများ ထွက်လာသည်။
ဒီဇင်ဘာ ၉ ရက်တွင် ရုရှားမီဒီယာက အာဆတ်တို့မိသားစု မော်စကိုသို့ရောက်နေကြောင်းနှင့်၎င်းတို့ကို နိုင်ငံရေးခိုလှုံခွင့်ပေးထားကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ လက်ရှိဆီးရီးယားအတိုက်အခံတပ်ပေါင်းစုက ကြားဖြတ်အစိုးရဖွဲ့စည်းရန် ပြင်ဆင်နေကြသည်။
HTS သည် ဆီးရီးယား၏ အင်အားအကြီးဆုံးသူပုန်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ်က Jabhat al-Nusra အမည်ဖြင့်အရင်ဖွဲ့ စည်းခဲ့သည်။ တစ်နှစ်ကြာပြီးနောက် အယ်လ်ကိုင်းဒါးအဖွဲ့နှင့် ပူးပေါင်းလိုက်သည်။၂၀၁၆ ခုနှစ်တွင် အယ်လ်ကိုင်းဒါးနှင့် လက်တွဲဖြုတ်ကာ HTS အမည်ပေးပြီး အခြားအဖွဲ့များနှင့် ပူးပေါင်းလိုက်ပြန်သည်။
အာဆတ်အစိုးရပြုတ်ပြီးနောက် ဆီးရီးယားနိုင်ငံသားများအား နိုင်ငံရေးခိုလှုံခွင့်ပေးမှုလုပ်ငန်းစဉ်များကို ဥရောပနိုင်ငံများက ရပ်ဆိုင်းထားသည်။ လက်ဘနွန်နှင့် ဂျော်ဒန်နိုင်ငံများတွင်ရောက်နေသည့် ဆီးရီးယားနိုင်ငံ သားများကမူ ဆီးရီးယားသို့ပြန်နေကြပြီဖြစ်သည်။ အာဆတ်ပြုတ်ပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၉ ရက်တွင် ဗြိတိန် ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီအပါအဝင် ဥရောပနိုင်ငံအချို့က ဆီးရီးယားဒုက္ခသည်များ၏ နိုင်ငံရေးခိုလှုံ ခွင့်တောင်းမှုကိစ္စရပ်များ စီမံဆုံးဖြတ်ခြင်းကို ရပ်နားလိုက်ပြီဖြစ်ကြောင်း အသီးသီးထုတ် ပြန်ကြေညာလာကြသည်။
Ref: BBC














