ပုံစံသစ်ဖြင့်ကျင်းပမည့် ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် မန်စီးတီးအသင်း ရေပန်းအစားဆုံးဖြစ်နေပြီး ဗိုလ်လုပွဲတက်ရောက်မည့်အသင်း ၁၅ ပွဲမှ ၁၇ ပွဲအထိ ယှဉ်ပြိုင်ကစားရမည်

ပုံစံသစ်ဖြင့်ကျင်းပမည့် ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် မန်စီးတီးအသင်း ရေပန်းအစားဆုံးဖြစ်နေပြီး ဗိုလ်လုပွဲတက်ရောက်မည့်အသင်း ၁၅ ပွဲမှ ၁၇ ပွဲအထိ ယှဉ်ပြိုင်ကစားရမည်
Photo: Manchester City
Photo: Manchester City
Published 31 August 2024

 

ပုံစံသစ်ဖြင့်ကျင်းပမည့် ၂၀၂၄-၂၀၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် မန်စီးတီးအသင်း ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ပုံစံသစ်ဖြင့် ပြောင်းလဲကျင်းပမည့် ၂၀၂၄-၂၀၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ မဲခွဲပွဲအခမ်းအနားကို သြဂုတ် ၂၉ ရက်က မိုနာကိုမြို့၌ ပြုလုပ်ခဲ့သည်။ 

အသင်းတစ်သင်းလျှင် အိမ်ကွင်းလေးပွဲ၊ အဝေးကွင်းလေးပွဲ၊ စုစုပေါင်းရှစ်ပွဲစီ ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာရပ်တည်နိုင်သည့် ရှစ်သင်းမှာ ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ကျန်ရှစ်နေရာအတွက် အဆင့် ၉ မှ ၂၄ အထိအသင်းများ Play-offs အဖြစ် နှစ်ကျော့ကစား၍ အနိုင်ရသည့်ရှစ်သင်းမှာ ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ Play-offs ကစားရာတွင် အဆင့် ၉ မှ ၁၆ အထိအသင်းများကို ဆီဒင်ရအဖြစ် သတ်မှတ်၍ အဆင့် ၁၇ မှ ၂၄ အထိ အသင်း များအား ဆီဒင်မဲ့အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဆီဒင်ရအသင်းများမှာ ဒုတိယအကျော့ကို အိမ်ကွင်းကစားခွင့်ရမည်ဖြစ်သည်။ အဆင့် ၂၅ မှ ၃၆ သင်းအထိ အသင်းများမှာမူ ပြိုင်ပွဲမှ ထွက်ရမည်ဖြစ်ပြီး ယူရိုပါလိဂ်သို့ သွားရောက်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

ပွဲစဉ်များ မဲခွဲပြီးနောက် မန်စီးတီးအသင်းက အလေးပေးမှု ၉/၄ ဖြင့် ဗိုလ်စွဲရန် ရေပန်းအစားဆုံး သတ်မှတ်ခံထားရပြီး လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း က ၁၀/၃၊ အာဆင်နယ်အသင်းက ၈/၁၊ ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာအသင်းက ၁၁/၁၊ လီဗာပူးလ်အသင်းက ၁၄/၁၊ PSG အသင်းက ၁၈/၁၊ အင်တာမီလန်အသင်းက ၂၁/၁ သတ်မှတ်ခံထားရသည်။ ဗိုလ်စွဲရန် ရေပန်းစားနေသည့် အသင်းများအနက် မန်စီးတီးအသင်းမှာ Pot 1 မှ အင်တာမီလန် အသင်းနှင့် အိမ်ကွင်း၊ PSG အသင်းနှင့် အဝေးကွင်း၊ Pot 2 မှ ကလပ်ဘရုဂေးအသင်း နှင့် အိမ်ကွင်း၊ ဂျူဗင်တပ်စ်အသင်းနှင့် အဝေးကွင်း၊ Pot 3 မှ ဖီယင်နုအသင်းနှင့် အိမ်ကွင်း၊ စပို့တင်းလစ္စဘွန်းအသင်းနှင့် အဝေးကွင်း၊ Pot 4 မှ စပါတာပရပ်အသင်းနှင့် အိမ်ကွင်း၊ ဆလိုဗန်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

လက်ရှိချန်ပီယံ ရီးယဲလ်အသင်းမှာလည်း Pot 1 မှ ဒေါ့မွန်အသင်းနှင့် အိမ်ကွင်း၊ လီဗာပူးလ်အသင်းနှင့် အဝေးကွင်း၊ Pot 2 မှ အေစီမီလန်အသင်းနှင့် အိမ်ကွင်း၊ အတ္တလန္တာ အသင်းနှင့် အဝေးကွင်း၊ Pot 3 မှ ဆာလ်ဇ်ဘာ့ဂ်အသင်းနှင့် အိမ်ကွင်း၊ လိုင်လီအသင်း နှင့် အဝေးကွင်း၊ Pot 4 မှ စတုဂတ်အသင်း နှင့် အိမ်ကွင်း၊ ဘရက်စ်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အသင်းအရေအတွက် တိုးမြင့်လာသလို ပွဲအရေအတွက်မှာလည်း တိုးမြင့်လာပြီး ၃၂ သင်းအဖြစ် ကျင်းပစဉ်က ဗိုလ်လုပွဲအထိ ၁၂၅ ပွဲသာရှိသော်လည်း ပုံစံသစ်အရ ဗိုလ်လုပွဲအထိ ၁၈၉ ပွဲရှိမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ ဗိုလ်လုပွဲတက်ရောက်နိုင် မည့်အသင်းမှာလည်း ယခင်ပုံစံအရ ၁၃ ပွဲ သာ ကစားခဲ့ရသော်လည်း ပုံစံသစ်အရ ၁၅ ပွဲမှ (ရှုံးထွက်အဆင့် Play-offs ကစားရလျှင်) ၁၇ ပွဲအထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၁၇ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ၊ ရှုံးထွက်အဆင့် Play-offs ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၁-၁၂၊ ၁၈-၁၉ ရက်၊ ၁၆ သင်းအဆင့်ကို မတ် ၄-၅၊ ၁၁-၁၂ ရက်၊ ကွာတားဖိုင်နယ်ကို ဧပြီ ၈-၉၊ ၁၅-၁၆ ရက်၊ ဆီမီးဖိုင်နယ်ကို ဧပြီ ၂၉-၃၀၊ မေ ၆-၇ ရက်နှင့် ဗိုလ်လုပွဲကို မေ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent