စိုးရိမ်ရေမှတ်အထက် မြင့်တက်နေသည့် မြစ်များတွင် ဧရာဝတီမြစ် မပါဝင်တော့ဘဲ မြစ်ငါးမြစ်မှာ မြို့ခုနစ်မြို့၌ စိုးရိမ်ရေမှတ်အထက် ရှိနေနိုင်သည်ဟု မိုးဇလ သတိပေး

စိုးရိမ်ရေမှတ်အထက် မြင့်တက်နေသည့် မြစ်များတွင် ဧရာဝတီမြစ် မပါဝင်တော့ဘဲ မြစ်ငါးမြစ်မှာ မြို့ခုနစ်မြို့၌ စိုးရိမ်ရေမှတ်အထက် ရှိနေနိုင်သည်ဟု မိုးဇလ သတိပေး
Published 1 August 2024

စိုးရိမ်ရေမှတ်အထက် မြင့်တက်နေသည့် မြစ်များတွင် ဧရာဝတီမြစ် မပါဝင်တော့ဘဲ မြစ်ငါးမြစ်မှာ မြို့ခုနစ်မြို့၌ စိုးရိမ်ရေမှတ်အထက် ရှိနေနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

သြဂုတ် ၁ ရက် မွန်းလွဲပိုင်းတွင် မိုးဇလ၏ထုတ်ပြန်ချက်အရ ယခင်ရက်များက ရေကြီးမှုများရှိခဲ့သည့် ဧရာဝတီမြစ် ပါဝင်လာခြင်းမရှိတော့ဘဲ စစ်တောင်း၊ ပဲခူး၊ ငဝန်၊ ရွှေကျင်၊ သံလွင်မြစ်များ ဖြတ်သန်းရာမြို့အချို့၏ စိုးရိမ်ရေမှတ်များကိုသာ ထုတ်ပြန်လာသည်ကို တွေ့ရသည်။

စစ်တောင်းမြစ်ရေမှာ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ငါးပေခွဲခန့်သို့ ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းမည်ဖြစ်ကြောင်း၊ ရွှေကျင်မြစ်သည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကြောင်း၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက် သုံးပေကျော်တွင် ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း တစ်ပေခန့်ကျဆင်းနိုင်ကြောင်း မိုးဇလက ခန့်မှန်းသည်။

ထို့ပြင် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် လေးပေခန့်ကို ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း တစ်ပေခန့်ကျဆင်းလာနိုင်ကြောင်း၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေကျော်သို့ ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း သုံးလက်မခန့်သာ ကျဆင်းလာနိုင်ကြောင်း၊ ယင်းမြစ်ရေသည် သာပေါင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်သို့ ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း သုံးလက်မခန့်သာ ကျဆင်းလာနိုင်ကြောင်း၊ အလားတူ ယင်းမြစ်ရေသည် ပုသိမ်မြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့်သို့ ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

ယင်းကြောင့် ရွှေကျင်၊ ပဲခူး၊ ဘားအံ၊ သာပေါင်း၊ ပုသိမ်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့များရှိ မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းတွင် နေထိုင်သူများ သတိထားနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent